အမိမြေကို ပြီးခဲ့တဲ့လ (၂၆)ရက်နေ့က ပြန်ရောက်တယ်၊ ပြန်ရောက်ရောက်ချင်း လေဆိပ်မှာ အချိန်တော်တော် ကြာသွားတာနဲ့ ဘယ်ကိုမှ မရောက်ဖြစ်လိုက်ဘူး၊ ကားခတွေက ကြောက်ခမန်းလိလိကို တက်ကုန်တာ လေဆိပ် ကနေအိမ်ကို ပြန်ဖို့ Taxi ငှားတော့ အိမ်အထိကို လေးထောင့် ငါးရာတဲ့၊ ကားဆရာကို ဈေးဆစ်တော့ ကားဆရာကတောင် ကိုယ့်ကို စိတ်ဆိုးသေးတယ်။ မတတ်နိုင်တဲ့ အဆုံးတော့ ပေးလိုက်ရတာပါဘဲ။ အဖေနဲ့ အမေတောင်ကိုယ့်ကို သိပ်မမှတ်မိဘူး ဖြစ်နေတယ်။ လ၀က ကောင်တာမှာ နားမှာ အလုပ်ရှုပ်နေတုန်း အိမ်က ဘယ်သူလာမလဲလို့ လှမ်းကြည့်လိုက်တော့ အဖေနဲ့အမေကို ကိုယ်က လှမ်းတွေ့လိုက်တော့ ၀မ်းသာအားရ လက်လှမ်းပြလိုက်တော့ သူတို့က သူတို့နောက်က လူကို လက်လှမ်းပြတယ် ထင်ပြီး ဟိုဘက်ကို လှည့်သွားကြတယ်။ ဟုတ်တယ်လေ အရင်တုန်းကနဲ့မှ တူမှ မတူ တော့တာ ဒီကနေ ထွက်သွားတုန်းက ကတုံးဆံပင်ပေါက်နဲ့ ပြန်လာတော့ ဆံပင်က တော်တော်ရှည်နေပြီ။ ဒါတောင် ကြည့်မကောင်းမှာ ဆိုးလို့ ပြန်ခါနီး ဆံပင်ကို နည်းနည်း ကိုက်ထားလို့သာ နောက်မို့ဆို လမ်းသရဲ လို့များ ထင်ကြမလား မသိ။ နောက် တစ်နေ့ကျတော့ မြို့ထဲကို သွားဖြစ်တယ်။ ကားစပယ်ယာကို ငါးဆယ်တန် ထုတ်ပေးလိုက်တာ “ဘယ်သွားမှာလဲ” လို့ ပြန်မေးတော့ “မြို့ထဲ” လို့ ကျနော်ပြန်ဖြေတော့(၁၀၀)တဲ့။ ကျနော် အရင်သွားတုန်းက မြို့ထဲဆို(၂၀)ဘဲ။ “အင်းလေ” စက်သုံးဆီဈေးတွေကလဲ တက်ကုန်တာကိုး။ ယဉ်စီးခတွေလဲ ဒီလောက်တော့ တက်မှာပေါ့။ အတက်သာရှိပြီး အကျမရှိတဲ့ ကုန်ဈေးနှုန်းတွေကိုလဲ စိတ်ကုန်ပါတယ်။ ပန်းဆိုးတန်းလမ်းက “အမေ့အိမ်” စာအုပ်ဆိုင်မှာ ဖတ်ချင်တဲ့ စာအုပ်တစ်ချို့ သွားရှာ ဖြစ်တယ်။ စာအုပ်ဈေးတွေလည်း တက်တာပါဘဲ။ ပြီးတော့ ဘူတာကြီးဂုံးကျော်တံတားနားက “လားရှိုး ခုနှစ်လွှာ ပေါက်ဆီ” ဆိုင်ကို သွားပြီး လဘက်ရည် သောက်ဖြစ်တယ်။ လဘက်ရည် တစ်ခွက်နဲ့ ပေါက်ဆီတစ်လုံးကို (၅၅၀ိ/-)တဲ့။ တော်ပြီ နောက်နေ့တွေဆို အပြင်ရောက်ရင် ဘယ်လဘက်ရည်ဆိုင်မှ မထိုင်တော့ဘူး။ လဘက်ရည်သောက်ပြီးတော့ ခံတွင်းကချဉ်လာပြီ London လေး တစ်လိပ်လောက်တော့ ခဲလိုက်ဦးမှ ဆိုပြီး နီးတဲ့ ကွမ်းယာဆိုင်မှာ “လန်ဒန်တစ်လိပ်လောက်လို့” ပြောပြီး တစ်ရာတန် တစ်ရွက်ထုတ်ပေးလိုက်တာ ကွမ်းယာသည်က ကျနော် ပေးတဲ့ ပိုက်ဆံကို ခွက်ထဲကို ဖျက်ကနဲဆို ပစ်ထည့်လိုက်ပြီး ဟိုဘက်ကလူနဲ့ စကားပြောနေတော့ ကျနော်က သူမေ့နေတယ်ထင်ပြီး “အစ်ကို ပိုက်ဆံ ပြန်အမ်းရဦးမယ်လေ” ဆိုတော့ ကွမ်းယာသည်က “လန်ဒန် တစ်လိပ်ကို တစ်ရာ၊ နှစ်ရာဖိုးသုံးလိပ်” လို့ ဆောင့်ကြီးအောင့်ကြီး ပြန်ပြောတော့ ကျနော်လဲ အသာ လေး လစ်ထွက် လာခဲ့လိုက်တယ်။ ပြီးတော့ မြေနီကုန်းက Service + ကိုသွားပြီး ကျနော့်ရဲ့ မညလေး ၀ယ်ပေး လိုက်တဲ့ ချောကလက်တွေကို ဘာညာတို့ ဆီကို သွားပေးဖြစ်တယ်။ ဟိုရောက်တော့ မဘာညာ က မရှိဘူး၊ ဘယ်သွားလဲလို့ Reception ကို မေးလိုက်တော့ “အစ်ကိုနာမည် ဘယ်သူလဲ” တဲ့ “ကျနော် ကျော်ဇေယျပါ” လို့ ပြောလိုက်တော့ “အစ်ကိုလာရင် စောင့်နေပါလို့” မှာသွားပါတယ်တဲ့။ အင်းလေ စောင့်ရတော့မှာပေါ့ ကိုယ်က “ချောကလက်ကျွေးရမယ့်သူဘဲ” ဆိုပြီး ထိုင်စောင့်နေတုန်း။ ဟိုဘက် စာသင်ခန်းက လူတစ်ယောက် ထွက်လာပြီး ကျနော့်ကို လာမေးပါတယ် “အစ်ကိုတို့ သင်တန်းတက်မလို့လား” ဆိုတော့ ကျနော်က “မဟုတ်ပါ ဘူး၊ ဘာညာ့ ကို လာစောင့်တာပါ” လို့ ဆိုတော့ သူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျနော် “ဘလာဂေါက်” ပါတဲ့ ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည် တစ်ကယ့် အရိုးဂေါက်ဂတ်နဲ့ အင်း “ဘလာဂေါက်”လို့ နာမည်ပေးမယ်ဆိုလဲ ပေးစရာပါဘဲလို့ မိမိဘာသာ စိတ်ထဲက မှတ်ချက်ချမိတယ်။ သူကတော့ သိရှာမယ် မထင်ဘူး။ ကဲ တော်တော် လဲရှည်သွားပြီ နောက်တစ်ရက်မှ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပြီး၊ လုပ်ဖြစ်ခဲ့တဲ့ ဆီမီနာ အကြောင်း ထပ်ရေးဦးမယ်…အိပ်ချင်ပြီး ၀ါး ၀ါး ၀ါး ။ အိပ်တော့မယ်….
Category Archive: ရောက်တက်ရာရာလေးများ
ရောက်တတ်ရာရာလေးများ(၃၅)
ပို့စ်ရေးမယ် ရေးမယ်နဲ့ အားခဲထားတာ တစ်ကယ်တန်းရေးမယ်လဲ လုပ်ရော ဘာအကြောင်းအရာကို ရေးလို့ ရေးရမှန်းမသိတော့ဘူး၊ ခက်တာက ကိုယ့်မှာ ကိုယ်ပိုင်ကွန်ပျူတာကလဲ မရှိပြန် တွေးထားထားလေးတွေကို ချပြီး ရေးထားတတ်တဲ့ အကျင့်ကလဲ မရှိပြန်ဆိုတော့ ပို့စ် တစ်ခုနဲ့ တစ်ခု ကြားမှာ တော်တော်လေးကို အဆက် ပြတ်တာပေါ့၊ ဟိုတစ်နေ့ကတော့ အလုပ်ကနေ နေမကောင်းဘူး အကြောင်းပြ ခွင့်(၂)ရက်ယူပြီး သွားချင်တဲ့ နေရာလေးတွေကို သွားပစ်လိုက်တယ်၊ ဒါမှလဲ အလုပ်ထဲမှာ နေ့စဉ်ခံစားနေရတဲ့ စိတ်ဖိစီးမှုလေးတွေကို အတန်အသင့် ဖြေဖျောက်နိုင်မယ် မဟုတ်လား၊ တစ်ကယ်တန်း သွားလဲ သွားရော လူတွေကလဲများ နေကလဲ ပူနဲ့ စိတ်အပန်းမပြေတဲ့ အပြင် ပိုလို့တောင် စိတ်ညစ်စရာကောင်းလိုက်တာဆိုတာ “ကိုယ့်ကို ကိုယ်တောင် ဒေါသ ဖြစ်လိုက်သေး” “အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ကြည့်ချင်တဲ့ အခွေကြည့်လိုက် လုပ်နေလိုက်ရင်၊ ဒီ လောက်လဲ ပိုက်ဆံကုန်မှာ မဟုတ်ဘူး၊ လူလဲ တော်တော်သက်သာမှာဘဲ လို့”စဉ်းစားမိလိုက်သေး၊ ကဲ ရောက်ပြီးမှတော့ မထူးပါဘူး ရောက်တုန်းရောက်ခိုက် ကိုယ့်အတွက်လဲ ဒေသန္တရ ဗဟုသုတနဲ့ ဘလော့ဂါ အပေါင်းအသင်းများအတွက် ပို့စ်လေးများ တင်လို့ ရငြားဆိုပြီး မှတ်မယ်၊ ရေးမယ် ဆိုပြီး လုပ်တော့ “ရေးစရာ မှတ်စရာ၊ တစ်ခုမှ ပါမလာဘူး” “ကဲ ကောင်းရော၊ ဒါနဲ့ ပါလာတဲ့ ကင်မရာလေးနဲ့ဘဲ ဟိုရိုက်၊ ဒီရိုက် လုပ်လိုက် တော့တယ်” (အခုလဲ ပို့စ်ရေး နေရင်းနဲ့ စိတ်က ကောင်းကောင်း အာရုံဝင်စားလို့ မရပါဘူး၊ အလုပ်က ဆိုတော့ တစ်ချက်တစ်ချက် အလုပ်ကလေး လုပ်လိုက်၊ ဟိုလူမေးတာ ဖြေလိုက်၊ ဒီလူမေးတာ ဖြေလိုက်နဲ့ ဆိုတော့၊ ပို့စ်ကို မနည်းကောင်း ဆက်နေရတယ်…..၀ူး..)“ကဲဗျာ အပေါင်းအသင်းတို့ အတွက် ပုံတွေဘဲ တင်ပေး နိုင်တယ် ကျန်တဲ့ အချက်အလက်တွေ ကျနော် မရေးတော့ဘူး” ဘာဖြစ်လို့လဲ ဆိုတော့ “ကျနော်လဲ ဘာမှ မမှတ်သားခဲ့ရ လို့ဘဲ၊” ”စိတ်မကောင်းဘူး၊ ဒီတစ်ခေါက် အပြင်သွားတာ ဘာမှ မှတ်သားစရာလဲ မကျန်ဘူး၊ ဘာဗဟုသုတမှလဲ မရဘူး ဖြစ်သွားတယ်၊” “ကျနော် သွားခဲ့တဲ့ နေရာကတော့ Kuala Lumpur မှာ အထင်အရှား နေရာများထဲမှ တစ်နေရာ ဖြစ်တဲ့ Sunway Pyramid ပါ၊ Kuala Lumpur မြို့လယ်ခေါင်မှာ လူတို့ ဖန်တီးထားတဲ့ “အပန်းဖြေ ကမ်းခြေအတု” ဘဲ ဆိုပါတော့ဗျာ၊ ဒီမှာ ဖန်တီးထားတာတွေ ကတော့ လူတွေ နီးနီးနားနား အပန်းဖြေ အနားယူလို့ရအောင် လုပ်ပေးထားပြီး၊ ၀င်ကြေးတွေကလဲ ဈေးကောင်းသလား မမေးနဲ့ဗျ၊ အပိုင်းသုံးပိုင်း ခွဲထားပြီး တစ်ပိုင်းခြင်းအလိုက် ၀င်ချင်ရင်လဲ ရတယ် သုံးပိုင်းလုံး တစ်ခါတည်း ၀င်ရင်လဲ ရတယ်၊ နှစ်ပိုင်းဝင်ချင်လဲ ရတယ်ဗျ၊ (၁) Water Park ဗျ၊ အဲဒီမှာတော့ ရေကစာချင်းတိုင်း ကစားလို့ ရအောင် လုပ်ပေးထားတယ် အထဲမှာ အပန်းဖြေ ကစားချင်စရာ ကစားနည်းအစုံစုံ နဲ့ဘဲဗျ၊ (၂) Wild World ဗျ အဲဒီ့မှာတော့ တိရစ္ဆာန်မျိုးစုံကို ပြထားတယ်၊ ကိုယ်ဓါတ်ပုံ ရိုက်ချင်တဲ့ အကောင်တွေနဲ့ အနီးကပ် ဓါတ်ပုံရိုက်လို့ရတယ်၊ ဒါပေမယ့် ပိုက်ဆံ ပေးရတယ်ဗျ၊ (ကျနော်တောင် ကြက်တူရွေး ကြီးကြီးလှလှကြီး တစ်ကောင်နဲ့ ရိုက်မလို့လုပ်တာ RM20ဆိုလို့ အသာလေး နောက်ပြန်ဆုတ်နေလိုက်တယ်၊ (၃)ကတော့ Extreme Park ဗျ အဲဒီ့မှာလဲ ကစားနည်းမျိုးစုံ ရှိသေးတယ်၊ ၀င်ကြေးကတော့ တစ်နေရာကို ၀င်ချင်ရင် RM35 ဗျ၊ နှစ်နေရာ ပေါင်းဝင်မယ် ဆိုရင်တော့ RM55၊ သုံးနေရာလုံးကို ၀င်မယ်ဆိုရင်တော့ RM65၊ ကျနော်တို့ ကတော့ ပိုက်ပိုက် သိပ်များများ မပါသွားတော့ နှစ်နေရာကိုဘဲသွားလိုက်တယ်၊ Water Park နဲ့ Wild World ကိုဘဲ၊ “နိုင်ငံသားဆိုရင်တော့ ဈေးက နည်းနည်းသက်သာတာပေါ့၊” “ဒါကလဲ နေရာတိုင်းပါဘဲ နိုင်ငံသားနဲ့ နိုင်ငံ
ခြားသားကို ဘယ်နေရာဖြစ်ဖြစ် အဆင့်ကလေးတော့ နည်းနည်းလေး ခွဲလိုက်ရမှ ကျေနပ်တဲ့ မလိုင်တွေပါ”…
ဒါကတော့ Water Park ထဲက နေရာအချို့ပါ
ဒါကတော့ Wild World ထဲက ပုံအချို့ပါ
ရောက်တတ်ရာရာလေးများ(၃၄)
မနေ့က ကျနော့် အလုပ်လုပ်နေရင်း အခန်းအပြင်ဘက်က ဆူညံ ဆူညံ အသံကြားလို့ ထွက်ကြည့်တော့ Security လုပ်တဲ့ နိုင်ငံသားက ကျနော့်ကိုတွေ့တော့ သူ့ရှေ့က Sales Promoter ကောင်မလေးတစ်ယောက်ကို ညွှန်ပြပြီး “သူ ဒီမှာ အလုပ်လို့ မရဘူး၊ သူ့ကုမ္မဏီကို လှမ်းဖုန်းဆက်ပေးစမ်းပါ”ဆိုတာနဲ့ ကျနော်က “ဟေ့ နေပါဦးဟ သူဘာဖြစ်လို့လဲ” “အကောင်းချည်းဘဲမဟုတ်လား” “အလုပ်လုပ်ချင်တာများလုပ်ပါစေကွာ” လို့ ကျနော်က ပြန်ပြောတာပေါ့၊ ကောင်မလေးကိုကြည့်လိုက်တော့လဲ အကောင်လေး နည်းနည်းသေးတာကလွဲရင် နေထိုင်ကောင်းတဲ့ ပုံပါဘဲ၊ ဘာမှဖြစ်ပုံလဲ မရပါဘူး၊ (ကျနော်တို့ ဆိုင်တွင် စနေ၊ တနင်္ဂနွေ အပတ်စဉ် ကုမ္မဏီများမှ အရာင်းမြှင့်တင်ဖို့အတွက် Sale girls များ လာရောက်လေ့ရှိသည်) ဒီမှာ ၀တ်နေကြ ကျောင်းယူနီဖောင်းလေးနဲ့ ပကတိသာမန်လေးပါ။ အဲဒီမှာတင် Security ကိုရွှေကုလားက “ဟ မင်းသူ့ကိုယ်လဲ သေသေချာချာ ပြန်ကြည့်ဦး၊ အသက်(၁၈)နှစ် ပြည့်သေးပုံလဲမရသေးဘူး၊ ပြီးတော့ ကျောင်းယူနီဖောင်းကြီးနဲ့ ဒီမှာအလုပ်လုပ်နေတုန်း မတော်တဆ ရဲတွေဘာတွေတွေ့သွားရင် ငါတို့ကုမ္မဏီ အလုပ်များနေပါဦးမယ်ကွာ” တဲ့ အဲဒီလို ပြန်ပြောတော့ “ဟ ဒါဆို မဖြစ်သေးဘူး၊ သူ့တို့ ကုမ္မဏီကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်” လို့ပြောပြီး အဲဒီကောင်မလေးကို ရုံးခန်းထဲမှာ ခဏခေါ်ထိုင်ခိုင်းထား သူ့နာမည်တွေဘာတွေမေးပြီး သူတို့ကုမ္မဏီ ကိုဖုန်းလှမ်းဆက်ကြည်တော့ “သူတို့လွှတ်လိုက်တဲ့ Sale girl က အသက်(၁၈)နှစ်ပြည့်ပြီးသားပါတဲ့၊ ခင်ဗျား မယုံဘူးဆိုရင် သူ့ရဲ့ Application Form ကို ပို့ပေးပါ့မယ်၊ နောက်ပြီး သူတို့ယူနီဖောင်းကလဲ ကျောင်းယူနီဖောင်းနဲ့တူနေလို့ပါတဲ့ သူတို့လဲ အသက်မပြည့်သေးရင် အလုပ်ခန့်လို့မရပါဘူး လို့ ပြန်ပြောတာပေါ့” အဲဒါနဲ့ ကျနော်လဲ Security ကိုရွှေကုလားကို ဒီအတိုင်းပြန်ပြောပြီး ကောင်မလေးကို အလုပ်လုပ်ခွင့်ပေးဖို့ သွားပြန်ပြောရတော့တာပေါ့၊ အဲဒါဘဲဗျာ ဒီအရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ မလေးရှားမှာတောင်မှ ဒီလို ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတွေပြဌာန်း အကောင်အထည်ဖော် ထားတာ ဘယ်လောက်များ အားကျဖို့ ကောင်းလိုက်သလဲ၊ ကျောင်းနေအရွယ်ကလေးက ကျောင်းမှာဘဲရှိရမယ်၊ ကျောင်းပြင်ပမှာ မရှိစေရလို့ ဒီလိုအတိုင်းအတာသတ်မှတ်လုပ်ဆောင်နေကြတာတွေ့ရတယ်ဗျာ။ ကျနော်တို့ရွှေပြည်ကြီးနဲ့တော့ ကွာပါ့ဗျာ၊ လဘက်ရည်ဆိုင်တွေမှိုလိုပေါက်၊ လဘက်ရည်ဆိုင်တိုင်းမှာလဲ အလုပ်သမားကလေးငယ်တွေနဲ့ ချည်းဘဲ၊ ကျောင်းနေသင့်တဲ့ အရွယ် တွေ ကျောင်းမနေရ၊ သူတို့မှာလဲ သူများလိုဘဲ ကျောင်းတတ်ချင်ရှာ မှာပေါ့ ဒါပေမယ့် ပညာရေးထက် ၀မ်းရေးကို ပိုဦးစားပေးနေရတော့ ဘယ်လိုလုပ်ကျောင်းသွားတတ်နိုင်ရှာ တော့မလဲ၊ “ကျောင်းနေပျော်၍ စာတော်ရမည်” ဒါက ကျောင်းတတ် နိုင်တဲ့ကလေးတွေအတွက် ကျောင်းမတတ်နိုင်တဲ့ ကလေးများအတွက်တော့ ဆောင်ပုဒ်မတွေ့မိသေးဘူးခင်ဗျ၊ လူငယ်ဆိုတာ အနာဂါတ်နိုင်ငံအတွက် ခေါင်းဆောင်များတဲ့၊ ကျောင်းမတက်နိုင်တဲ့ကလေးတွေများလာရင် အနာဂါတ်နိုင်ငံ အတွက်တော့ ရင်လေးစရာဘဲဗျာ၊ လမ်းဘေး ကလေးငယ်ဘ၀ကနေ ဘီလျံနာကြီးတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ကမ္ဘာက အထင်ကြီးလေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဆိုတာတော့ တော်တော်ခဲယဉ်းလိမ့်မယ် ထင်ပါတယ်၊ ဒါကြောင့် ကျနော်တို့ Blogger ညီအစ်ကို မောင်နှမများစုစည်း ပြီးတော့ မြန်မာနိုင်ငံမှာ အခြေအနေအရ ဖြစ်ပေါ်နေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားတက် သရော ထောက်ပံ့လှူဒါန်းဖို့လိုအပ်လာပြီလို့ ကျနော်ယူဆပါတယ် ဒါကြောင့်အလှူအတန်းလုပ်ချင်သူများကို ရန်ပုံငွေကောက်ခံပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းကျောင်းကို ထောက်ပံ့လှူဒါန်းရအောင် လို့ တိုက်တွန်းနှိုးဆော် ဖိတ်မန္တက ပြုပါတယ်ခင်ဗျာ…..
ရောက်တတ်ရာရာလေးများ(၃၃)
“ရေးချင်လိုက်တာလည်း ပြာလို့၊ ရေးထားတာလဲ ချာလို့” အဲဒီအတိုင်းများဖြစ်နေပြီလား မသိပါဘူး၊ တစ်ခါလာ လည်း ရောက်တတ်ရာရာ၊ တစ်ခါလာလည်း ရောက်တတ်ရာရာ၊ ရောက်တတ်ရာရာကကို မတက်နိုင်ဘူးဖြစ်နေ တယ်၊ အယ်ဒီတာ လူကြီးမင်းရဲ့ လုပ်ငန်းကိစ္စအ၀၀ဖြစ်တဲ့စတားပေးတဲ့ လုပ်ငန်းကလည်းပြီးပြီ၊ အလုပ်ကလည်း နည်းနည်းလေးအားနေတော့ ကိုယ့်ရဲ့ပင်ကိုယ်ခေါင်းစဉ်အတိုင်း ရောက်တတ်ရာရာလေးတွေကိုဘဲ ဆက်လက် ရေးသားရဦးမှာပေါလေ..ဟုတ်တယ်နော်.(မဟုတ်လဲ..ဟုတ်လိုက်နော် အားနားပါးနာလေးနဲ့ပေါ့…)
ပြီးခဲ့တဲ့အပါတ်က မလေးရှားကို အစ်ကိုတော်တစ်ယောက် အလုပ်လုပ်ဖို့ရောက်လာတဲ့အတွက် သူကိုသွားကြို လုပ်ငန်းခွင်နေရာလိုက်ပြ၊ နေဖို့၊ ထိုင်ဖို့၊ စားရေးသောက်ရေးအကုန်စီစဉ်ပေးရတော့ လူလည်း တော်တော် အလုပ်များသွားတာပေါ့၊ အမိမြေက ခွဲခွာခဲ့တာနည်းနည်းကြာသွားပြီဆိုတော့ စီးပွားရေး၊ လူမှုရေး အခြေအနေ တွေကို ညနေစာ ထမင်းစားရင်း ညီအစ်ကိုနှစ်ယေက် အလာပသလ္လာပ ထိုင်ပြောနေကြတာပေါ့၊ အစ်ကိုက လေဆိပ်မှာ သူကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်လည်ဖောက်သည်ချပါတော့တယ်။ မြန်မာပြည်က ထွက်လာ ကတည်းက လူက စိုးရိမ်စိတ်ကလေးနဲ့ခင်ဗျ၊ လူစိမ်း၊ နေရာစိမ်းမှာ ဘာသာစကား မတူ၊ လူနေမှု စရိုက်လဲ မတူတဲ့နေရာမှာ အလုပ်လာလုပ်ရမှာဆိုတော့ စိုးရိမ်တာပေါ့၊ ဒါတောင်လူခံရှိလို့ လူခံမရှိတဲ့သူများဆို ဘယ်နှယ့် လုပ်မလည်းမသိဘူး၊ မလေးစကားဆိုတာကလဲ မဆိုစလောက်တတ်ရုံလေး မလိုင်(မလေးလူမျိုး)တွေ English လိုပြောတယ်ဆိုတာကလည်း လျှာသံအာသံက မြန်မာနဲ့မတူတော့ နည်းနည်းရိပ်ဖမ်းသံဖမ်း လောက်ဘဲ နားလည်တာဗျ၊ ဒါတောင် သူတို့နိုင်ငံမှာ အလုပ်လာလုပ်ရတယ်ဆိုပြီး နှိမ်ချင်သေးတယ်၊ ဒါကလဲ အခြေခံ လူတန်းစားတွေလောက်ပါ၊ ပညာတတ်သူများကတော့ ဒီလိုအပြုအမူမျိုး မတွေ့ရသလောက်ဘဲ၊ မလေးရှား နိုင်ငံ KLIA (Kuala Lumpur International Airport) ကိုရောက်တော့ လာခေါ်မယ့် သူဌေးကလဲ မရောက် သေး (Agent က အလုပ်သမားများကို ခေါ်ထုတ်သွားလို့မရပါဘူး၊ သူဌေးကိုယ်တိုင် (သို့) ကိုယ်စားလှယ် လွှဲစာပါမှ ထုတ်ယူလို့ရပါတယ်) ဘယ်အချိန်ကိုယ့်ကိုလာခေါ်မလဲ တော်ကြာ ကိုယ်က ဟိုဟိုဒီဒီလျှောက်သွား နေလို့ လာခေါ်တဲ့လူနဲ့ မတွေ့ရင် လေဆိပ်မှာ ယောင်လည်ယောင်လည်ဖြစ်နေဦးမယ် ဆိုတဲ့ စိုးရိမ်စိတ် ကလေးနဲ့ စောင့်လိုက် ရတာ တမေ့တမော၊ သူဌေးကလဲ တော်တော်နဲ့ကို မလာတာတဲ့ဗျာ၊ မလေးရှား စံတော်ချိန် ညနေ(၃) နာရီ လောက်ကတည်းက ရောက်နေတာ ည (၇)နာရီ ထိုးလို့လဲ မလာ၊ (၈)နာရီထိုးလို့လဲ မလာဆိုတော့ အတူတူလာတဲ့ သူနဲ့တိုင်ပင်ပြီး စိတ်ကိုဒုန်းဒုန်းချ ဒီတစ်နေ့တော့ လေဆိပ်မှာ သေချာ အိပ်ရပါပြီ ဆိုပြီးတော့ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်လုပ်ကြတော့တာပေါ့၊ လေဆိပ်ကလည်း Air Cond တွေ ဖွင့်ထားတာ အေးလိုက်တာဆိုတာမှ မြန်မာပြည်က တောင်ကြီးဒီဇင်ဘာလကြနေတာဘဲတဲ့၊ ပါလာတဲ့ Bag အိတ် တွေကလဲ အပြင်ရောက်မှထုတ်ရမှာလေ၊ သူဌေးက လာမခေါ်သေးတော့ အပြင်ကိုမရောက်သေး၊ အဲဒီတော့ Bag အိတ်တွေလဲ မထုတ်နိုင်၊ အနွေးထည်တွေက Bag အိတ်ထဲမှာဆိုတော့ နှစ်ယောက်သား ချမ်းချမ်းအေးအေးနဲ့ပေါ့၊ ဟိုနေရာလေ ငုတ်တုပ်ထိုင်လိုက်၊ ဟိုချောင်လေး ငုတ်တုတ်ထိုင်လိုက်နဲ့ပေါ့ ကောင်တာကနေလဲ ဝေးဝေးမသွားရဲဘူးလေ၊ ဘယ်အချိန်သူဌေးရောက်လာမလားနဲ့ပေါ့ခင်ဗျ၊ အဲဒီမှာ စတွေ့ တော့တာပါဘဲ၊ လေဆိပ်ထဲမှာ သန့်ရှင်းရေးလုပ်တဲ့ နိုင်ငံသား အိန္ဒိယလူမျိုး အမျိုးသမီးက ထိုင်နေတဲ့လူတောင် မရှောင်ဘူးခင်ဗျာ ဟိုတိုက် ဒီတိုက်လုပ်ပြီး တံမျက်စည်းနဲ့လှည်းသွားတာတဲ့ဗျာ၊ လူတွေကိုလဲ အော်သွား ဟစ်သွားသေးတယ်တဲ့၊ ကဲ ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲ၊ ဒီမှာက လေဆိပ်မှာကတည်းက ခွဲခြား ဆက်ဆံတာခင်ဗျ၊ အလုပ်လာလုပ်တဲ့သူကကောင်တာတစ်ခု၊ အလည်အပတ်သမားတွေက ဟိုဘက် ကောင်တာမှာကိုး၊ အလုပ်သမားများအနေနဲ့ကတော့ လေဆိပ် ၀န်ထမ်းတွေရဲ့ အမျိုးမျိုးသော ညစ်ပတ်မှုကို ခံရတာပါဘဲဗျာ၊ ကိုယ်က မခံနိုင်လို့ခွန်းတုံ့ပြန်မိရင်တောင် လူကို ကုပ်ကဆွဲခေါ် အချုပ်ခန်းထဲ ထည့်ပြီး ဟိုစစ် ဒီစစ်၊ ဟိုရိုက် ဒီရိုက်လုပ်သေးတာတဲ့ခင်ဗျ၊ နောက်ပြီးတော့ မြန်မာပြည်က ရောက်လာခဲ့ပြီး သူဌေး လာမခေါ် သေးတဲ့ လူများလဲ အများကြီးပါဘဲတဲ့ မြန်မာပြည်က ပွဲစားများရဲ့ပြီးစလွယ်စီစဉ်မှုများကြောင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများနဲ့ ကြုံတွေ့နေရသော ကိုရွှေမြန်မာများလဲ လေဆိပ်မှာ ဒုနဲ့ဒေး၊ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ဗျာ၊ ဒီလေဆိပ် ၀န်းကြီးထဲမှာ ဘယ်နေရာမှ သွားလို့မရ၊ လာလို့မရ၊ အရောင်းဆိုင်များဆိုတာကလဲ အပြင်ဘက် မှာဗျာ၊ ဘယ်လို သွားနေမလဲ၊ ဘယ်လိုသွားစားမလဲ၊ ကျနော့်ရဲ့အစ်ကိုတော်ကတော့ သူဌေးကို တိုက်ရိုက် ဖုန်းဆက်ပြီး လာကြိုခိုင်းလို့ ည(၁၂)နာရီထိုးလောက်မှလေဆိပ်ထဲကထွက်ခွာခွင့်ရခဲ့တယ်ခင်ဗျ၊ နောက်တစ်နေ့ ကျတော့ သူလဲ ဖုန်းတစ်လုံးနဲ့အလုပ်တွေ ရှုပ်နေတာပါဘဲဗျာ၊ ကျနော်မေးကြည့်တော့ လေဆိပ်မှာ သူနဲ့ သိလာတာတဲ့ ကောင်မလေးတွေရော၊ ကောင်လေးတွေရော သူဌေးလာမခေါ်တာ(၃)(၄)ရက်ရှိပြီဆိုဘဲခင်ဗျ နီးစပ်ရာဖုန်းနံပါတ်တွေပေးလိုက်ကြတယ်ထင်ပါ့ခင်ဗျာ…ကျနော်လဲ စေတနာ့ ၀န်ထမ်း လုပ်လိုက်ပါတယ် ဟိုလူဖုန်းခေါ်၊ ဒီလူ့ဖုန်းခေါ်၊ အကြောင်းကြားပေးလိုက်ရကြောင်းပါ၊ ဒါကြောင့် မလေးရှားကို လာတော့မည် ဆိုလျှင် နီးစပ်ရာ အသိတစ်ဦးဦးရဲ့ ဖုန်းနံပါတ်(သို့)မိမိအလုပ်လုပ်ရမဲ့ သူဌေးရဲ့ဖုန်းနံပါတ်(သို့)မိမိ အေးဂျင့် ရဲ့ဖုန်းနံပါတ်ကို အမိအရတောင်းယူထားကြပါ၊ နောက်ပြီး မလေးငွေ အကြွေ လေးများဆောင်လာကြပါလို့ ကျနော် အကြံပေးလိုပါတယ်၊ မိမိမှာ ပိုက်ဆံပါသော်လည်း နေရာတကာ အကြွေစေ့ ဖုန်းများကြောင့် ဖုန်းဆက်သွယ်ရန်လွယ်သော်လည်း အကြွေစေ့ရဖို့ အခက်အခဲရှိလို့ပါခင်ဗျာ၊ Money Changer များ ရှိသော်လည်း၊ အကြွေမလဲပေးကြပါခင်ဗျာ….

ရောက်တတ်ရာရာလေးများ(၃၂)
အခုတစ်လော အလုပ်တွေက တော်တော်လေးကိုများနေတာကိုးဗျ၊ အကြောင်းပြစရာကလဲ ဒါဘဲရှိနေတာ့ ဒါကိုဘဲ ထပ်ခါ ထပ်ခါ ပြောရတာဘဲဗျို့၊ မန်နေဂျာကလည်း ဘယ်ကနေ ဘယ်လို စပွန်ဆာရတယ် မသိပါဘူး အင်္ဂလန်ကို ခဏသွားလေတော့ အလုပ်တာဝန်တွေတော်တော်များများ ကျနော့်ခေါင်းပေါ်ကျလာတာပေါ့ခင်ဗျာ အလုပ်တွေဘယ်လောက်များသလဲဆို အလုပ်ဆင်းလို့အိမ်ပြန်ရင်တောင်မှ ရေကမန်းကတန်းချို့း၊ ထမင်းလေး မြန်မြန်စားပြီး အိပ်ရာထဲကိုတန်းဝင်တော့တာဘဲ၊ စာလဲမဖတ်နိုင်၊ တီဗွီလဲမကြည့်နိုင်နဲ့ ဘလော့ဆိုတာ ဝေလား ဝေးဘဲခင်ဗျ၊ ကိစ္စများမြောင်လူတို့ဘောင်ကိုး ဘယ်တတ်နိုင်ပါ့မလဲနော် လုပ်ချင်တာမလုပ်ရ၊ မလုပ်ချင် တာလုပ်ရနဲ့ တစ်ခါတစ်လေများဆို စိတ်နဲ့ကိုယ်နဲ့ကပ်အောင်တော်တော်လေးကျင့်ကြံကြိုးစား အားထုတ် နေရတယ်၊ ဒီတစ်ပါတ်တော့ ဘလော့ကိုမဖြစ်ဖြစ်အောင်ရေးမယ်ဆိုပြီးအားခဲထားလိုက်တာ ကွန်ပျူတာရှေ့လဲ ကျရော ဘာရေးလို့ရေးရမှန်းကို မသိတော့ပါဘူး၊ ကဲလေ ဘာဘဲဖြစ်ဖြစ် ဖတ်ဘူး မှတ်ဘူး ထားတာလေးများ ကူးချဦးမှ၊ ဖတ်ဘူးတာတော့ကြာပါပြီ တစ်ခါတစ်လေမေ့နေတတ်လို့ ဘလော့မှာ ရေးစရာမရှိလို့ ကူးချလိုက် တယ်လို့ဘဲ မှတ်လိုက်ကြပါခင်ဗျ၊ကဲ ဆရာဖေမြင့်ကတော့ ဒီလိုဆိုလေရဲ့“အောင်မြင်သူနှင့် မအောင်မြင်သူ” တဲ့….ဆက်လက်ရှုစားတော်မူကြပါခင်ဗျာ…
“တစ်ချို့လူများ အောင်မြင်ကြသည်။ အများစုက မအောင်မြင်ကြ။ ဘယ်ကြောင့်နည်း။”
“လူ့ယဉ်ကျေးမှု သမိုင်းအစလောက်ကပင် သည်မေးခွန်းက လူအများခေါင်းထဲ ၀င်ခဲ့သည်။ သည်လူက ဘာကြောင့်အောင်မြင်ပြီး၊ ဟိုလူက ဘာကြောင့် မအောင်မြရင်သလဲ။ ဘာကြောင့် သည်လူ့ဘ၀က ခက်ခဲ ပင်ပန်း နေရသလဲ။ အောင်မြင်သူနှင့် မအောင်မြင်သူမှာ ဘယ်လို ကွဲပြားခြားနားသည့် စရိုက်လက္ခဏာရပ်တွေ ရှိနေသလဲ။”
“စိစစ်သုံးသပ်ကြည့်တော့ အထက်ကမေးခွန်းများအတွက် အဖြေပေါ်လိမ့်မည်ထင်သည်။ ကြည့်ကြရအောင်။”
အောင်မြင်သူ သည်မိမိဘာကို အလိုရှိကြောင်းကောင်းစွာသိသည်။ အလိုရှိရာကို ရယူုရန် နည်းလမ်း အကြံအစည် လည်းရှိသည်။ မိမိ၌ ရယူနိုင်စွမ်းရှိသည် ဟုလည်း ယုံကြည်သည်။ ပြီး မိမိ နေ့စဉ်ဘ၀၏ အချိန်ကာလအများစု ကို မိမိလိုရာ ရရှိရေး ကိစ္စထံတွင် နှစ်မြုပ်သုံးစွဲသည်။
မအောင်မြင်သူ ၌ ဘ၀ရည်မှန်းချက် တိတိကျကျ မရှိ။ အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်း တရားသာဖြစ်သည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့် အခါမျိုးမှတစ်ပါး ကိုယ်စွမ်းကိုယ်စ ထုတ်လေ့မရှိ။
အောင်မြင်သူ သည် စည်းရုံးရေးသမားကောင်းဖြစ်သည်။ မိမိအလုပ်ကို အစွံထတ်ရောင်းချတတ်သူ ဖြစ်သည်။ မိမိလုပ်ငန်းအစီအစဉ်တွင် သူတစ်ပါးတို့ အားတက်သရော ၀ိုင်းဝန်းပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူ ဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမားဖြစ်သည်။ တစ်ဖက်သား စေတနာပျက်အောင် လုပ်သူမျိုးဖြစ်သည်။ မိမိနှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင်စိတ်တွေ ကူးစက်ပျံ့နှံအောင် သူ အားထုတ်နေတတ်သည်။
အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူဖြစ်သည်။ သူ့စကားလုံးတွေကို အလွန်ချင့်ချိန်သည်။ တစ်ဖက်လူများနှင့် ပတ်သက်၍ နှစ်သက်စရာ ချီးကျူးစရာများကို အထူး ဂရုပြုဖော်ထုတ်သည်။ မိမိ မနှစ်သက် သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်သည်။ ဝေဖန်ပြစ်တင် စကားမဆိုမိအောင် သတိထားသည်။
မအောင်မြင်သူ ကား ၄င်းနှင့်ဆန့်ကျင်ဘက်။ မစဉ်းမစား စကားတွေပြောမည်။ သူ့စကားကြောင့် တစ်ဖက်လူ စိတ်ထိခိုက်ရမည်။ မိမိကို မုန်းတီးစေမည်။ အဲသည်က ဆင့်ပွားလာသည့် ဆိုးကျိုးတွေကို မိမိပင် တစ်နေ့ ခံစား ရမည်။
အောင်မြင်သူ သည် အကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့်စပ်လျည်းသည့် မိမိအမြင်ကို သူတစ်ပါးရှေ့၌ ကျိုးကြောင်းသင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုဘဲ ဝေဖန်မည်။ မှတ်ချက်ချမည်။ မိမိလုံးဝနားမလည် သည့် ကိစ္စကိုလည်း ၀င်ရောက်စွက်ဖက်ပြောဆိုမည်။
အောင်မြင်သူ သည် အချိန်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း စနစ်တကျစီမံခန့်ခွဲသုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကို တန်ဖိုးမထား။ ငွေကိုလည်း မလေးစား။ ပစ်စလက်ခတ် ပရမ်းပတာ ဖြုန်းတီး ပစ်တတ်သည်။
အောင်မြင်သူ သည် လူတစ်ဖက်သားကို စိတ်ဝင်စားသည်။ မိမိနှင့် အလုပ်အကိုင်တူသူ နေရာဌာနတူသူ စသည့် တစ်နည်းနည်း ဆက်စပ်ပတ်သက်နေသူများအား ရင်းနှီးခင်မင်စွာ ဆက်ဆံတတ်သည်။
မအောင်မြင်သူ ကား အလိုမရှိလျှင် ဘာသိဘာသာ၊ အလိုရှိမှ ခေါ်ပြောဆက်ဆံသည်။
အောင်မြင်သူ သည် ပွင့်လင်းသော စိတ်ထားရှိသည်။ သဘောထားကြီးသည်။ မတူသော အယူအဆ၊ မတူ သောလူများအပေါ်သည်းခံနိုင်စွမ်းရှိသည်။
မအောင်မြင်သူ ကား တံခါးပိတ်ထားသော စိတ်မျိုးရှိသည်။ မတူသော အယူအဆကို မကြားနိုင်။ မတူသော လူများကို မကြည့်နိုင်။ စိတ်တံခါးပိတ်ထားသည့် အတွက် အခွင့်အရေးကောင်းတွေလည်း သူမမြင်၊ မသိ။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မူ ဆိုတာမျိုးလည်း သူဘယ်သောအခါမျှ မရရှိ။
အောင်မြင်သူ သည် ခေတ်နှင့် အမီ ရင်ဘောင်တန်းနိုင်အောင် အမြဲကြိုးစားသည်။ မိမိလုပ်ငန်း၊ မိမိအသက် မွေးဝမ်းကျောင်းနယ်ပယ်၊ မိမိ အသိုင်းအ၀ိုင်း စသည်တို့သာမက တစ်ကမ္ဘာလုံးမှာပါ ဘာတွေဖြစ်နေသလဲ အမြဲ သိအောင် ဂရုပြုလေ့လာသည်။
မအောင်မြင်သူ ကား လတ်တလော ပတ်သက်နေသည့်ကိစ္စမှ တစ်ပါး ဘာကိုမျှ အရေးမထား။ ကိုယ်နှင့် တိုက်ရိုက် မပတ်သက်တာမှန်သမျှ ဘာတစ်ခုမှ မသိ။
အောင်မြင်သူ သည် လောကကိုလည်းကောင်း၊ ဘ၀ကိုလည်းကောင်း အမြဲ အပြုဘက်က မြင်၊ အပြုဘက်က တွေးသည်။ မိမိလုပ်ငန်းတွေ အောင်မြင်ခြင်း၊ လောကကြီးထဲမှာ မိမိအတွက် တစ်နေရာ ရရှိခြင်းသည် မိမိ၏ ဆောင်ရွက်ချက်တွေ များပြားပြည့်စုံခြင်း၊ အရည်အသွေးပြည့်ဝခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာ သိရှိသည်။ သူသည် ကတိပြုထားသည်ထက် ပို၍ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ပေးတတ်သည့် အလေ့ အထကို မွေးမြူထိန်းသိမ်းသည်။
မအောင်မြင်သူ ကာ ကိုယ်က မပေးဘဲ ရချင်သူဖြစ်သည်။ သူ့မှာ အချောင်စားချင်စိတ် ကြီးစိုးနေသည်။ အချောင်မရသည့် အခါ သူတစ်ပါးတို့ လောဘကြီးကြောင်း ပြစ်တင် ပြောဆိုမည်။
အောင်မြင်သူ သည် ကမ္ဘာ၌ လူဖြစ်လာရခြင်း အတွက်ပင် ၀မ်းမြောက်ကျေနပ်ခြင်းဖြစ်သည်။ သူသည် ပတ် ၀န်းကျင်အပေါ် နှစ်သက်ခင်မင်မှုရှိပြီး အများကောင်းကျိုး ဆောင်ရွက်ရန်လည်း အမြဲတက်ကြွထက်သန် နေသည်။
မအောင်မြင်သူ ကား လောက ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကို လည်းကောင်း အယုံအကြည်မရှိ။ သူသိ သည်မှာ သူ့အကျိုးစီးပွားပဲဖြစ်သည်။ သူသည် ရလျှင် ဘနဖူး သိုက်တူးမည့် သူမျိုးဖြစ်သည်။ သို့တိုင်အောင် သူမကြီးပွား၊ ကြီးပွားလျှင်လည်း ရေရှည်မခံ။
ခြုံပြောရလျှင်…
အောင်မြင်သူနှင့် မအောင်မြင်သူကား စိတ်ဓါတ်ရော၊ လုပ်ရပ်တွင်ပါ တစ်ဦးနှင့်တစ်ဦး တစ်ကမ္ဘာစီခြားကြသူ များဖြစ်သည်။ ထိုစိတ်ဓါတ်နှင့်လုပ်ရပ်များကြောင့်ပင် သူတို့၏ ဘ၀အနေအထားများလည်း ကွာခြားသွားရခြင်း ဖြစ်ပေသည်။” တဲ့…
ကဲ မိမိကိုယ်ကို အောင်မြင်မယ့်သူလား၊ မအောင်မြင်မယ့်လူလားဆိုတာ…ဆန်းစစ်ကြည့်ကြပါခင်ဗျား….