Monthly Archives: July 2007

Blog ဘာကြောင့်ရေးဖြစ်လဲ?

မညလေးရဲ့ ကောင်းမှုကြောင့် ဒီတစ်ခါ လဲ Tag လုပ်ခြင်းခံလိုက်ရပြန်ပါပြီ၊ ဘာဘဲ ဖြစ်ဖြစ် ကောင်းပါတယ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ World Blogger Day အမှတ်တရလဲဖြစ်ပြန်၊ ဘလော့ဂါများ စည်းလုံးညီညွတ်မှုကိုလဲ ပြရာရောက်တာပေါ့နော်၊ ဘလော့ဘာကြောင့်ရေးဖြစ်လဲ ဆိုတော့ “ဘယ်လိုဖြေရမလဲ ပေါ့နော်၊ ဒီလိုပေါ့ နော်” (နည်းနည်း ပဲများကြည့် တာ) ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးတယ်လို့ဘဲ ပြောရမှာပေါ့၊ ပထမဦးဆုံး ကျနော် အင်တာ နက် ကိုစသုံးတော့ Planet Myanmar, Elevenဂျာနယ်တို့လောက်ဘဲဝင်ဖြစ်တာ များပါတယ်၊ ပလန်းနက်မှာChatting လုပ်လိုက်၊ ပျင်းရင် Elevenဂျာနယ်ဝင်ဖတ်လိုက် လုပ်နေတာ နည်းနည်း ကြာတော့ ငြီးငွေ့ လာတယ်၊ Chatting လောကကို နည်းနည်းစိတ်ကုန်လာတာလဲ ပါတယ်ဗျ၊ အကုန်လုံးတော့ မဟုတ်ပါဘူး၊ တစ်ချို့ တော်တော်များများ ကောင်းကြပါတယ်၊ မေးရင် အမှန်အတိုင်းလဲ ဖြေကြတယ်၊ ပွင့်ပွင့် လင်းလင်းလဲ ဆက်ဆံ ကြတယ် တစ်ကယ့်ကို ညီရင်းအစ်ကို မောင်ရင်းနှမ လိုဘဲ၊ တစ်ချို့ကြတော့ ဒီလို မဟုတ်ဘူး အလကားနေ ကြွားလုံးတွေ ထုတ်နေတော့ ကျနော် သုံးလေးငါးခါလောက် အညာမိလိုက်တယ် ဆိုပါ တော့၊ ညာတယ်ဆိုတာ ကလဲ တခြား မဟုတ်တရုတ်တွေ မဟုတ်ပါဘူးဗျာ၊ “Chatting လုပ်နေကြ သူငယ်ချင်း တွေ ချိန်းထားတယ်၊ နင်လာမလား” “ဘယ်နေရာ၊ ဘယ်နေရာပေါ့” အဲဒီမှာ စောင့်နေ “ငါတို့ ဘယ်အချိန်၊ ဘယ်အချိန်လာမယ်” စသည့်ဖြင့်ပေါ့၊ ကျနော်ဆိုတဲ့ ကောင်ကလဲ သူငယ်ချင်းဆိုတော့ တွေ့ချင်တာပေါ့၊ chat room ထဲမှာ ကြတော့ တကယ့်ကို သူငယ်ချင်းအရင်းပမာကြီးတွေလို ပြောကြဆိုကြ ဆက်ဆံကြနဲ့၊ အပြင်မှာ တွေ့ရင် ဘယ်လိုနေမလဲ လို့ သိချင်တော့ “အေး ငါစောင့်နေမယ်ပေါ့”၊ ချိန်းတဲ့နေ့ ရောက်တော့ ရွှေကိုယ်တော် များက မလာကြဘူး၊ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်တော့၊ “ တော်ပြီ နောက်များဆို Chatting ဘက်ကို လုံးဝကို စိတ်မပါတော့ဘူး၊ စိတ်လဲတော်တော်ကုန်သွားတယ်” အဲဒီမှာ Chattingကိစ္စတခန်းရပ် သွားပြီး “ ကိုယ်သိချင်၊ လေ့လာချင်တဲ့ ကိစ္စ တွေကို Internet ထဲမှာ လိုက်ရှာရင်းနဲ့ အချိန်ကုန်သွားတယ် ဆိုပါ တော့ဗျာ၊ အဲဒီမှာ ဘလော့ ကိုစတွေ့တော့တာဘဲဗျို့၊ ဘယ်ကနေဘယ်လို စတွေ့သတုန်း ဆိုတော့“ Native Myanmar Forum” ကို ၀င်တော့ တစ်ချို့တစ်ချို့သော နာမည်ကြီး Bloggerများက အခုမှ ဘလော့ စလုပ်မယ့် သူတွေကို “ဘယ်လို ဘယ်လို လုပ်ရတယ်၊ ဘယ်နေရာမှာ ဘာပို့စ် တင်ထားတယ်” သွားကြည့်လိုက် စသည် ဖြင့် Link တွေနဲ့တကွ ညွှန်းထားတော့၊ ကျနော်လဲ သွားကြည့်တာပေါ့၊ စတုန်းကတော့ “ကိုမောင်လှ” “ကိုစေးထူး” “ကိုညီလင်းဆက်” “မမေဓါဝီ” “နိုင်းနိုင်းစနေ” စတာတွေကိုဖတ်နေကျ နောက်တော့ သူတို့ရဲ့ စီဘောက်မှာ ဟိုအော် ဒီအော် လုပ်သွားကြတဲ့ ဘလော့ဂါ တွေ အများကြီးဘဲ၊ ဘလော့ဂါတွေ များလိုက်တာ ဆိုတာမှ ကျနော်ထင်တယ် တစ်နေ့ကို အနည်းဆုံး (၂)ဦးနဲ့ (၃)ဦးလောက် မြန်မာဘလော့အသစ်တွေ လုပ်ကြ မယ် ထင်တယ်၊ သူတို့တွေ လုပ်ထားတာကို အားကျရင်း အားကျရင်းနဲ့ ကျနော်လဲ သူတို့လို ဘလော့လေး လုပ်ချင် လာတယ်၊ လုပ်ချင်လာတော့ ဖိုရမ်တွေ မှာရေးထား တဲ့ အတိုင်းလိုက်လုပ်၊ မသိတာရှိရင် ဘလော့ပိုင် ရှိတဲ့ သူတွေကို လိုက်မေး ဒီလို့နဲ့ ကျနော်လဲ “အင်တာနက်ပေါ်မှာ အိမ်ပိုင်ယာပိုင်လေး တစ်ခု” ရလိုက်သလို ခံစားလိုက်ရတယ်၊ အဲဒီမှာ ဘလော့ ဆိုတာကို စ ခင်တွယ် သွားမိတာဘဲ၊ ကျနော် ထင်ပါတယ် တစ်ကယ့် တစ်ကယ်တန်း ဘလော့ဂါ တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုတာ အင်မတန်မှ မလွယ်ပါဘူး၊ (ဟိုဟာ လျှောက်ရေး၊ ဒီဟာလျှောက်ရေး၊ သူများရေးပြီးသား ကူးချ ဆိုရင် လွယ်ချင်လွယ်မှာပေါ့)၊ တစ်အချက်အနေနဲ့ မိမိမှာ ကွန်ပျူတာ ရှိထား သင့်ပါတယ်၊ (ကျနော်ဆို ကွန်ပျူတာ မ၀ယ်နိုင်လို့ လုပ်ငန်းခွင်ကနေ ဘလော့ရေး နေတော့ Part Time Blogger ဘဲဖြစ်နေတာပေါ့) နှစ်အချက်ကတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ ဖြစ်ရမယ်၊ (မိမိကွန်ပျူတာက အင်တာနက် မချိတ်ထားလို့ PAC တွေကနေ သွားသုံးနေရင်လဲ ပိုက်ဆံ ကုန်တာပေါ့) သုံးအချက်ကတော့ စာရေးချင်စိတ် အပြည့်ရှိမှ အချိန်ပြည့် ဘလော့ဂါ တစ်ယောက် ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်၊ (မြန်မာပြည်ရဲ့ အင်တာနက် ကွန်နက်ရှင် ကိုလဲ ထည့်သွင်းစဉ်းစား သင့်တာပေါ့နော်)၊ အခုဆိုရင် ဘလော့မရေးရရင် “စားလို့မ၀င်၊ အိပ်လို့ မပျော်သလိုဘဲဗျ၊” တစ်ကယ်ပြောတာပါ၊ တစ်နေ့ တစ်နေ့ ကိုယ့်ဘလော့မှာ ဘာတင်ရမလဲလို့ စဉ်းစားရင်း အချိန်ကုန်နေတာက များပါတယ်၊ ကိုယ့်ဘလော့ကို လာဖတ်တဲ့သူများ အတွက်လဲ တစ်ခုခုတော့ ရသွား စေချင်တာပေါ့ (ဟီး နောက်ဆိုရင် ဘလော့လာဖတ်တဲ့ သူ၊ တစ်ယောက်ကို ဆီ ၁ပိဿာ ပေးမယ်) ဒီလိုနဲ့ဘဲ ဘလော့ကို ရေးဖြစ်သွားတယ်ဆိုပါတော့ဗျာ၊ နောက်တစ်ချက် က ဘလော့မှာ ဘယ်သူမှ ပိတ်ပင်တားဆီး ထားတာ မရှိဘူး၊ မိမိ မှန်တယ်လို့ ယူဆထားတာကို လွတ်လွတ် လပ်လပ် ဖော်ပြပိုင်ခွင့်ရှိတာကို သဘော ကျတာ၊ မိမိကိုယ်တိုင် စာရေးသူ၊ မိမိကိုယ်တိုင် ထုတ်ဝေသူလုပ်ရတဲ့ အလုပ်လေးကို နှစ်ခြိုက်တာလဲပါတာပေါ့၊ ကျနော့် ပတ်ဝန်းကျင်မှာ အမြင်မတော်တာလေးတွေကို ကိုယ်ပိုင် ကွန်ပျူတာ မရှိသည့်တိုင်၊ ကွန်ပျူတာ ရှိနေ သ၍၊ အင်တာနက်ချိတ်ဆက်ထားသရွေ့ ဘလော့ကို ဆက်ရေးဖြစ် သွားမယ်လို့ ကျနော် ထင်ပါတယ်။ ကဲ ကျနော် “ဆားချက်လို့တော့ ပြီးပြီ”ကျနော်ပြီးတော့ နောက်လူများလဲ ဆားချက်လို့ရအောင် “ကဲ ကိုသန့်ဇင်အောင်၊ သတင်းစာဆရာ ကိုဝေ၊ ကိုဇင်ကိုလတ် တို့ရေ…ဆား ထပ်မံ ချက်ကြပါကုန်လော့”……….

Google မှာ ဒီလိုရှာ…..

ဒီနေ့ Sunday ဆိုတော့ ကျနော့်အလုပ်က နည်းနည်း အားတယ်ဆိုပါတော့၊ အလုပ်အားတာနဲ့ အင်တာနက်နဲ့ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ သူငယ်ချင်းများရဲ့ဘလော့တွေဖတ် ကွန်မန့်ပေးနဲ့ အချိန်တွေ တော်တော် များများ ကုန်တော့ Google ကိုတစ်ခါပြန်ဝင် ကိုယ်သိချင်တာတွေ၊ လိုချင်တာတွေ လျှောက်ကြည့်၊ လျှောက်ရှာ နဲ့ ဒါလေးကို တွေ့တယ်ဗျ၊ တစ်ချို့လဲ သိပြီးသားဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ မသိသေးတဲ့လူတွေရှိရင်လဲ ဗဟုသုတ ရစေခြင်းအလို့ငှာ ဒီပို့စ်ကို ရေးသားတင်ပြရခြင်းဖြစ်ပါတယ်….

World Time in Google
Google ကနေပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ မြို့ကြီးပြကြီးများရဲ့ အချိန်ကိုရှာလို့ရပါတယ်။ ကျနော်လဲ ဟိုတိုင်းပြည်ရဲ့ အချိန်ကို ကြည့်လိုက်၊ ဟိုနိုင်ငံရဲ့ အချိန်ကို ကြည့်လိုက်နဲ့လုပ်နေရင်း မြန်မာပြည် ရန်ကုန်မြို့ရဲ့ဘယ်အချိန် ရှိပြီလဲ ဆိုတာ သိချင်လို့ ဒီလိုရိုက်ကြည့်လိုက်တဲ့အခါ time in yangon လို့လဲ ရိုက်ကြည့်ရော Google က သူ့ ရထားတဲ့ Link တွေဘဲ ဖော်ပြတာပေါ့၊ တခြားမြို့တွေ၊ နိုင်ငံတွေ ရိုက်ကြည့်လိုက်ရင် တစ်ခါတည်း လက်ရှိ အချိန်ကို ဖော်ပြပေးပြီး ဘာလို့ ရန်ကုန်မြို့ ကြကာမှ ဘယ်လိုဖြစ်တာလဲ စဉ်းစားရင် တစ်ချက်တွေးမိသွားပြီး Time in Rangoon ဆိုကာမှ အတိအကျကို ဖော်ပြပေးတာဘဲဗျို့၊ ဟုတ်ကဲ့ အဲဒါကြောင့် Myanmar ဆိုရင် နိုင်ငံခြားသား တော်တော်များများ သိပ်မသိသေးပါလား၊ Burma ဆိုကာမှ သိကြပါလားလို့ အတွေးတစ်ချက် ပေါက်သွားသေးတယ်ဗျ….

Currency exchange rate in Google
နောက်တစ်မျိုးက Google ကနေပြီးတော့ ဒီကနေ့ ကမ္ဘာ့နိုင်ငံများရဲ့ ငွေလဲလှယ်မှုနှုန်းထားကို ရှာဖွေနိုင်ပါ တယ်။ စံပြုသတ်မှတ်ထားတာကတော့ USD လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာပါဘဲ ရှာချင်တယ် ဆိုရင်တော့ Google Search box မှာ Currency of China in amerincan money လို့သာ ရိုက်ထည့်လိုက်ပါ ဒီနေ့လက်ရှိ ပေါက်ဈေးကို ဖော်ပြပေးမှာဖြစ်ပါတယ်၊ ဒါက အခြားဒေါ်လာငွေနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံများအတွက်သာပါ၊ မြန်မာပြည်လား ဟုတ်ကဲ့ အတိအကျပါဘဲ Link တွေချည်းဘဲ ဖော်ပြပေးပါလိမ့်မယ်။


Weather In Google

အထက်မှာ တင်ပြသွားသလို ကမ္ဘာ့မြို့ကြီးပြကြီးတွေရဲ့အချိန်ကို Google နဲ့ရှာနိုင်သလို၊ ၄င်းမြို့ကြီး များရဲ့ မိုးလေ၀သ အခြေအနေကိုလည်း Google မှာရှာနိုင်ပါသေးတယ်၊ Google Search Box မှာ weather in paris (သို့) weather in London လို့ ရိုက်ထည့်ပြီး ရှာလိုက်လျှင် ၄င်းမြို့ကြီးများမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေကို ဖော်ပြပေးမှာဖြစ်ပါတယ်၊ ရန်ကုန်မြို့ရဲ့ မိုးလေ၀သ အခြေအနေကို သိချင်တယ် ဆိုလျှင်ဖြင့် weather in Yangon လို့ မရိုက်ပါနဲ့ခင်ဗျာ Link စာရင်း များသာပါရှိမှာဖြစ်ပြီး Weather in Rangoon ဆိုမှသာ မိုးလေ၀သ အခြေအနေကို သိရမှာ ဖြစ်ပါတယ်။

Google in Measurement and Calculator.

အပေါင်းအသင်းတို့အနေနဲ့ မိမိသိချင်တဲ့ အတိုင်းအတာတွေကို Google ကနေတဆင့် ရှာလို့ရပါတယ်။ တစ်မီတာမှာ ဘယ်လောက် စင်တီမီတာရှိတယ်၊ တစ်မိုင်မှာ ဘယ်နှစ်ပေရှိတယ်ကအစ Google က အတိအကျဖော်ပြပေးနိုင်ပါတယ်၊ သင်္ချာကိန်းဂဏန်းများကိုတော့ သိထားဖို့လိုပါတယ်။ နောက်တစ်ခုက Google search box မှာ ဂဏန်းသင်္ချာပေါင်းလို့ရတယ်ဆိုတာ..မိတ်ဆွေ အပေါင်းအသင်းများကို သတင်းကောင်းပါးလိုက်ရပါတယ်……



ရောက်တတ်ရာရာလေးများ(၃၄)

မနေ့က ကျနော့် အလုပ်လုပ်နေရင်း အခန်းအပြင်ဘက်က ဆူညံ ဆူညံ အသံကြားလို့ ထွက်ကြည့်တော့ Security လုပ်တဲ့ နိုင်ငံသားက ကျနော့်ကိုတွေ့တော့ သူ့ရှေ့က Sales Promoter ကောင်မလေးတစ်ယောက်ကို ညွှန်ပြပြီး “သူ ဒီမှာ အလုပ်လို့ မရဘူး၊ သူ့ကုမ္မဏီကို လှမ်းဖုန်းဆက်ပေးစမ်းပါ”ဆိုတာနဲ့ ကျနော်က “ဟေ့ နေပါဦးဟ သူဘာဖြစ်လို့လဲ” “အကောင်းချည်းဘဲမဟုတ်လား” “အလုပ်လုပ်ချင်တာများလုပ်ပါစေကွာ” လို့ ကျနော်က ပြန်ပြောတာပေါ့၊ ကောင်မလေးကိုကြည့်လိုက်တော့လဲ အကောင်လေး နည်းနည်းသေးတာကလွဲရင် နေထိုင်ကောင်းတဲ့ ပုံပါဘဲ၊ ဘာမှဖြစ်ပုံလဲ မရပါဘူး၊ (ကျနော်တို့ ဆိုင်တွင် စနေ၊ တနင်္ဂနွေ အပတ်စဉ် ကုမ္မဏီများမှ အရာင်းမြှင့်တင်ဖို့အတွက် Sale girls များ လာရောက်လေ့ရှိသည်) ဒီမှာ ၀တ်နေကြ ကျောင်းယူနီဖောင်းလေးနဲ့ ပကတိသာမန်လေးပါ။ အဲဒီမှာတင် Security ကိုရွှေကုလားက “ဟ မင်းသူ့ကိုယ်လဲ သေသေချာချာ ပြန်ကြည့်ဦး၊ အသက်(၁၈)နှစ် ပြည့်သေးပုံလဲမရသေးဘူး၊ ပြီးတော့ ကျောင်းယူနီဖောင်းကြီးနဲ့ ဒီမှာအလုပ်လုပ်နေတုန်း မတော်တဆ ရဲတွေဘာတွေတွေ့သွားရင် ငါတို့ကုမ္မဏီ အလုပ်များနေပါဦးမယ်ကွာ” တဲ့ အဲဒီလို ပြန်ပြောတော့ “ဟ ဒါဆို မဖြစ်သေးဘူး၊ သူ့တို့ ကုမ္မဏီကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်” လို့ပြောပြီး အဲဒီကောင်မလေးကို ရုံးခန်းထဲမှာ ခဏခေါ်ထိုင်ခိုင်းထား သူ့နာမည်တွေဘာတွေမေးပြီး သူတို့ကုမ္မဏီ ကိုဖုန်းလှမ်းဆက်ကြည်တော့ “သူတို့လွှတ်လိုက်တဲ့ Sale girl က အသက်(၁၈)နှစ်ပြည့်ပြီးသားပါတဲ့၊ ခင်ဗျား မယုံဘူးဆိုရင် သူ့ရဲ့ Application Form ကို ပို့ပေးပါ့မယ်၊ နောက်ပြီး သူတို့ယူနီဖောင်းကလဲ ကျောင်းယူနီဖောင်းနဲ့တူနေလို့ပါတဲ့ သူတို့လဲ အသက်မပြည့်သေးရင် အလုပ်ခန့်လို့မရပါဘူး လို့ ပြန်ပြောတာပေါ့” အဲဒါနဲ့ ကျနော်လဲ Security ကိုရွှေကုလားကို ဒီအတိုင်းပြန်ပြောပြီး ကောင်မလေးကို အလုပ်လုပ်ခွင့်ပေးဖို့ သွားပြန်ပြောရတော့တာပေါ့၊ အဲဒါဘဲဗျာ ဒီအရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ မလေးရှားမှာတောင်မှ ဒီလို ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတွေပြဌာန်း အကောင်အထည်ဖော် ထားတာ ဘယ်လောက်များ အားကျဖို့ ကောင်းလိုက်သလဲ၊ ကျောင်းနေအရွယ်ကလေးက ကျောင်းမှာဘဲရှိရမယ်၊ ကျောင်းပြင်ပမှာ မရှိစေရလို့ ဒီလိုအတိုင်းအတာသတ်မှတ်လုပ်ဆောင်နေကြတာတွေ့ရတယ်ဗျာ။ ကျနော်တို့ရွှေပြည်ကြီးနဲ့တော့ ကွာပါ့ဗျာ၊ လဘက်ရည်ဆိုင်တွေမှိုလိုပေါက်၊ လဘက်ရည်ဆိုင်တိုင်းမှာလဲ အလုပ်သမားကလေးငယ်တွေနဲ့ ချည်းဘဲ၊ ကျောင်းနေသင့်တဲ့ အရွယ် တွေ ကျောင်းမနေရ၊ သူတို့မှာလဲ သူများလိုဘဲ ကျောင်းတတ်ချင်ရှာ မှာပေါ့ ဒါပေမယ့် ပညာရေးထက် ၀မ်းရေးကို ပိုဦးစားပေးနေရတော့ ဘယ်လိုလုပ်ကျောင်းသွားတတ်နိုင်ရှာ တော့မလဲ၊ “ကျောင်းနေပျော်၍ စာတော်ရမည်” ဒါက ကျောင်းတတ် နိုင်တဲ့ကလေးတွေအတွက် ကျောင်းမတတ်နိုင်တဲ့ ကလေးများအတွက်တော့ ဆောင်ပုဒ်မတွေ့မိသေးဘူးခင်ဗျ၊ လူငယ်ဆိုတာ အနာဂါတ်နိုင်ငံအတွက် ခေါင်းဆောင်များတဲ့၊ ကျောင်းမတက်နိုင်တဲ့ကလေးတွေများလာရင် အနာဂါတ်နိုင်ငံ အတွက်တော့ ရင်လေးစရာဘဲဗျာ၊ လမ်းဘေး ကလေးငယ်ဘ၀ကနေ ဘီလျံနာကြီးတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ကမ္ဘာက အထင်ကြီးလေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဆိုတာတော့ တော်တော်ခဲယဉ်းလိမ့်မယ် ထင်ပါတယ်၊ ဒါကြောင့် ကျနော်တို့ Blogger ညီအစ်ကို မောင်နှမများစုစည်း ပြီးတော့ မြန်မာနိုင်ငံမှာ အခြေအနေအရ ဖြစ်ပေါ်နေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားတက် သရော ထောက်ပံ့လှူဒါန်းဖို့လိုအပ်လာပြီလို့ ကျနော်ယူဆပါတယ် ဒါကြောင့်အလှူအတန်းလုပ်ချင်သူများကို ရန်ပုံငွေကောက်ခံပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းကျောင်းကို ထောက်ပံ့လှူဒါန်းရအောင် လို့ တိုက်တွန်းနှိုးဆော် ဖိတ်မန္တက ပြုပါတယ်ခင်ဗျာ…..



ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု…



ဝမ်းနည်းမိပါတယ်…ကိုသားကြီး



“ဟေ့ကောင်ရေ…ဒွေးသေပြီတဲ့ဟ….”
“ဟာကွာ…မဖြစ်နိုင်တာ..ငယ်ငယ်လေး ရှိသေးတဲ့ဟာကို”..
“ဟေ့ကောင်…ငယ်တာနဲ့မသေရတော့ဘူးလား”
“အံမယ်…မင်းက ငါ့ဆရာပြန်လာလုပ်နေသေးတယ်၊ မင်းဘယ်ကသတင်းရတာတုန်း..ပြောစမ်းပါအုန်း”
“အင်တာနက်ကကွ…ဒီခေတ်ကြီးထဲမှာ အင်တာနက်သုံးပြီး ဘာမှ မသိတာများအံ့ပါရဲ့ကွာ..”
“အင်း..မင်းပြောမယ်ဆိုလည်းပြောစရာဘဲဟေ့..ငါ့မှာ ကွန်ပျူတာရှေ့နေ့တိုင်းထိုင်နေပြီး…မနက်ဖြစ်တာ များနေပြီကွ”

မနေ့က အလုပ်မဆင်းခင် သူငယ်ချင်းက ကျနော့်ကိုလာပြောလို့ ကျနော်သိရတာပါ၊ ကျနော့်ဘာသာ ကျနော် ဆိုရင် နောင်တစ်လလောက်နေမှ ဒီသတင်းကိုသိမလားဘဲဗျ၊ ဘာဘဲဖြစ်ဖြစ် ကျန်ရစ်သူများနှင့်တကွ ထပ်တူ ထပ်မျှဝမ်းနည်းမိပါတယ်၊ အောင်မြင်ဆဲအချိန်မှာမှ အကြွေစောရတယ်လို့ ယူကြုံးမရဖြစ်မိပါတယ်။ သူရဲ့ ပွင့်လင်းရိုးသားတဲ့ သရုပ်ဆောင်ဟန်၊ သဘာဝကျကျသရုပ်ဆောင်ဟန်တွေကိုပြန်လည်မြင်ယောင်မိပါတယ်၊ တစ်ခေတ်မှာတစ်ယောက် ထွန်းပေါက်ခဲ့တဲ့ စွယ်စုံရမင်းသား ကိုသားကြီးတစ်ယောက်ကောင်းရာ သုဂတိ လားပါစေ….လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မှတ်ချက်။ ။ ဓါတ်ပုံများကို ကိုရန်အောင်နှင့် ကိုစိုးဇေယျဘလော့များမှ ရယူပါတယ်။

Sharing Buttons by Linksku