Monthly Archives: September 2007

Comment မှာ ရေးချင်တာရေးခဲ့တာကို မိမိဘာသာ Edit လုပ်ပြီး တင်ကြရအောင်

ကဲ ကျနော် စိတ်လက်ကြည်သာနေလို့ ဘလော့ပို့စ်လေး တစ်ခုတော့ရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးလိုက်ပါတယ်။ ကျနော်တို့ မြန်မာ ဘလော့ဂါတွေမှာ အခုတစ်လော ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေတယ်ဆိုရင် ကျနော် အပိုပြောတာ မဟုတ်ဘူးဆိုတာ တွေ့ကြုံနေရတဲ့ ဘလော့ဂါတွေ သိကြမှာ ဖြစ်ပါတယ်၊ ဘလော့ဂါတွေ ကလဲ မိမိစိတ်ထဲမှာ ခံစားမိတဲ့ အတိုင်း ရေးချ လိုက်တာဘဲ၊ ဒါပေမယ့် စာဖတ်သူက သေသေချာချာ ဖတ်လို့ဘဲ ဖြစ်ဖြစ်၊ မဖတ်လို့ဘဲ ဖြစ်ဖြစ် မိမိရဲ့ အတွေးမှာ ပေါ်လာတဲ့အတိုင်း သူလဲ ကွန်မန့်ပြန်မယ်၊ ကောင်းချင်လဲ ကောင်းမယ် ဆိုးချင်လဲ ဆိုးမယ်ဗျာ၊ ဒါပေမယ့်အဲဒီ့ ကွန့်မန့်ကြီးက မိမိရဲ့ကိုယ်ပိုင် ဘလော့ပေါ်မှာ အထင်းသားကြီးဗျ၊ ဒါကို ကိုယ် ကိုယ်တိုင်က မိမိကို မချေမငံ ပြောဆိုသွားလို့ စိတ်လိုက်မာန်ပါ ပြန်လည် တုံ့ပြန်မိတယ်ဆိုရင်တော့ ဘလော့တွေပေါ်မှာ စကားနိုင်လုပွဲတွေ တချိန်းချိန်းကို ချတော့တာပါဘဲ၊ အခန့်မသင့်ရင် ချိန်းလားခြောက်လား တောင် လုပ်သေးတာ၊ ထားလိုက်ပါ ဒါက ဥပမာ အနေနဲ့ပြောခြင်း ဖြစ်ပါတယ်။ ဒီလို မဖြစ်အောင်လို့ ကျနော်တို့ အနေနဲ့ လုပ်လို့ရတာလေး တစ်ခုကတော့ဗျာ မိမိရဲ့ ပို့စ်မှာ ကွန်မန့် လာရေးပြီဆိုပါတော့ အဲဒါကို မိမိဘာသာ ပြင်ဆင် တည်းဖြတ်ခွင့်ပေးထားတဲ့ function လေးကို ဘလော့ဂါ က ပေးထားပါတယ်။ ဥပမာဗျာ တစ်စုံတစ်ယောက်က အမည်မသိဘဲဖြစ်ဖြစ်၊ ဘလော့ဂါထဲကဘဲ ဖြစ်ဖြစ် မိမိရဲ့ ပို့စ်မှာ ကွန်မန့် ၀င်ပေးပြီ ဆိုပါစို့ အဲဒါကို ကိုယ်က Publish၊ လုပ်မလား၊ Reject လုပ်မလား၊ Moderate လုပ်မလားဆိုပြီး ကိုယ်ရဲ့ မေးလ်ဘောက်စ် ထဲမှာ မေးလ်ပို့ပြီး မေးပါတယ်၊ ဒါကို မိမိက ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်ပြီး တင်ရမှာ ဖြစ်ပါတယ်။ ကဲ ဘယ်လို လုပ်ရသလဲ ဆိုတာ ကြည့်လိုက်ကြရအောင် လွယ်လွယ်လေးပါ။
အရင်ဦးဆုံး Setting > Comments ကို သွားလိုက်ပါ။ အဲဒီမှာ Enable comment moderation ဆိုတာကို Yes လုပ်လိုက်ပါခင်ဗျာ။ ပြီးရင် Blogger က မေးလ်လိပ်စာ တောင်းပါလိမ့်မယ် မိမိရဲ့ မေးလ်လိပ်စာ တစ်ခုခုကို ဖြည့်စွက်ပေးရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မိမိ ဘလော့မှာ တစ်ယောက်ယောက်က ပေးတဲ့ Comment တွေ အကုန်လုံးကို မိမိရဲ့ Mail box ထဲကို ရောက်ရှိလာပြီး မိမိ စိတ်ကြိုက် ပြင်ဆင်တည်းဖြတ်၍ ဘလော့မှာ တင်နိုင်ပါပြီခင်ဗျာ။

Setting > Comment ရဲ့ အောက်မှာ ဒါမျိုးလေး ပြင်ပေးလိုက်ပါ
ပြီးရင် ကိုယ့်ရဲ့ မေးလ် လိပ်စာ ထည့်ပေးရပါမယ်

တစ်ယောက်ယာက်က Comment ပေးသွားရင် တော့ ဒါမျိုးမေးလ် ကိုယ်ရဲ့ Mail Box ထဲကို
ရောက်လာမှာ ဖြစ်ပြီး မိမိ အလိုရှိသလို လုပ်နိုင်ပါပြီ။

“ခွင့်လွှတ်ပေးကြပါ”

ကျနော်ရဲ့ ဘလော့လေးအား ဆက်လက် ရှင်သန်နေဖို့ အတွက် ပို့စ်တွေ ရေးရန်ကြိုးစားသော်လည်း ကျနော် စိတ်တွေ ရှုပ်ထွေးနေတယ်ဗျာ၊ ဘလော့ပို့စ်တွေ ရေးဖို့ ကြိုးစားလိုက်တိုင်း ခေါင်းထဲကို ဒီ့ပြင် အတွေးတွေ ရောက်ရောက်လာတော့ စာရေးဖို့ အတွက် အာရုံ အပြည့်အ၀ မစိုက်နိုင်ဘူး ဖြစ်နေတယ်၊ ခွင့်လွှတ်ပေးကြပါ မိတ်ဆွေ အပေါင်းသင်းရောင်းရင်းများရယ်၊ ကျနော် အာရုံတွေ ပြန်လည် လန်းဆန်းလာတဲ့ တစ်နေ့မှာ ပို့စ်တွေ ပြန်လည်ရေးသားပါ့မယ်လို့ ကတိပေးပါတယ်၊ ခင်မင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို “ခွင့်လွှတ်ကြပါ” လို့ ဒီပို့စ်နဲ့အတူ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ကျနော် တစ်နေ့ ပြန်လာပါ့မယ်။

" I Miss You"

ရင်ကို ထိမှန်စေတဲ့ ကဗျာလေးဆိုရင် ပိုမှန်မယ် ထင်တယ်၊ ကျနော်နဲ့လဲ တိုက်ဆိုင်ပါတယ်။ သူရဲ့ မူရင်း ကဗျာ လေးကို ဘာသာပြန်ဖို့ ကြိုးစားပေမယ့် နဂို အတိုင်းလေးက ပိုကောင်းမယ် ထင်လို့ ဒီအတိုင်းလေးဘဲ တင်လိုက် တယ်ဗျာ……

You are there
and I am here
thinking about how much
I love you
thinking about how much
I respect you
thinking about how much
I miss you

You are there
and I am here
thinking about how much
I cannot wait
until we are together again
thinking about how
I will appreciate
more than ever
the time
we will spend together
I love you

ရောက်တတ်ရာရာလေးများ(၃၆)

အမိမြေကို ပြီးခဲ့တဲ့လ (၂၆)ရက်နေ့က ပြန်ရောက်တယ်၊ ပြန်ရောက်ရောက်ချင်း လေဆိပ်မှာ အချိန်တော်တော် ကြာသွားတာနဲ့ ဘယ်ကိုမှ မရောက်ဖြစ်လိုက်ဘူး၊ ကားခတွေက ကြောက်ခမန်းလိလိကို တက်ကုန်တာ လေဆိပ် ကနေအိမ်ကို ပြန်ဖို့ Taxi ငှားတော့ အိမ်အထိကို လေးထောင့် ငါးရာတဲ့၊ ကားဆရာကို ဈေးဆစ်တော့ ကားဆရာကတောင် ကိုယ့်ကို စိတ်ဆိုးသေးတယ်။ မတတ်နိုင်တဲ့ အဆုံးတော့ ပေးလိုက်ရတာပါဘဲ။ အဖေနဲ့ အမေတောင်ကိုယ့်ကို သိပ်မမှတ်မိဘူး ဖြစ်နေတယ်။ လ၀က ကောင်တာမှာ နားမှာ အလုပ်ရှုပ်နေတုန်း အိမ်က ဘယ်သူလာမလဲလို့ လှမ်းကြည့်လိုက်တော့ အဖေနဲ့အမေကို ကိုယ်က လှမ်းတွေ့လိုက်တော့ ၀မ်းသာအားရ လက်လှမ်းပြလိုက်တော့ သူတို့က သူတို့နောက်က လူကို လက်လှမ်းပြတယ် ထင်ပြီး ဟိုဘက်ကို လှည့်သွားကြတယ်။ ဟုတ်တယ်လေ အရင်တုန်းကနဲ့မှ တူမှ မတူ တော့တာ ဒီကနေ ထွက်သွားတုန်းက ကတုံးဆံပင်ပေါက်နဲ့ ပြန်လာတော့ ဆံပင်က တော်တော်ရှည်နေပြီ။ ဒါတောင် ကြည့်မကောင်းမှာ ဆိုးလို့ ပြန်ခါနီး ဆံပင်ကို နည်းနည်း ကိုက်ထားလို့သာ နောက်မို့ဆို လမ်းသရဲ လို့များ ထင်ကြမလား မသိ။ နောက် တစ်နေ့ကျတော့ မြို့ထဲကို သွားဖြစ်တယ်။ ကားစပယ်ယာကို ငါးဆယ်တန် ထုတ်ပေးလိုက်တာ “ဘယ်သွားမှာလဲ” လို့ ပြန်မေးတော့ “မြို့ထဲ” လို့ ကျနော်ပြန်ဖြေတော့(၁၀၀)တဲ့။ ကျနော် အရင်သွားတုန်းက မြို့ထဲဆို(၂၀)ဘဲ။ “အင်းလေ” စက်သုံးဆီဈေးတွေကလဲ တက်ကုန်တာကိုး။ ယဉ်စီးခတွေလဲ ဒီလောက်တော့ တက်မှာပေါ့။ အတက်သာရှိပြီး အကျမရှိတဲ့ ကုန်ဈေးနှုန်းတွေကိုလဲ စိတ်ကုန်ပါတယ်။ ပန်းဆိုးတန်းလမ်းက “အမေ့အိမ်” စာအုပ်ဆိုင်မှာ ဖတ်ချင်တဲ့ စာအုပ်တစ်ချို့ သွားရှာ ဖြစ်တယ်။ စာအုပ်ဈေးတွေလည်း တက်တာပါဘဲ။ ပြီးတော့ ဘူတာကြီးဂုံးကျော်တံတားနားက “လားရှိုး ခုနှစ်လွှာ ပေါက်ဆီ” ဆိုင်ကို သွားပြီး လဘက်ရည် သောက်ဖြစ်တယ်။ လဘက်ရည် တစ်ခွက်နဲ့ ပေါက်ဆီတစ်လုံးကို (၅၅၀ိ/-)တဲ့။ တော်ပြီ နောက်နေ့တွေဆို အပြင်ရောက်ရင် ဘယ်လဘက်ရည်ဆိုင်မှ မထိုင်တော့ဘူး။ လဘက်ရည်သောက်ပြီးတော့ ခံတွင်းကချဉ်လာပြီ London လေး တစ်လိပ်လောက်တော့ ခဲလိုက်ဦးမှ ဆိုပြီး နီးတဲ့ ကွမ်းယာဆိုင်မှာ “လန်ဒန်တစ်လိပ်လောက်လို့” ပြောပြီး တစ်ရာတန် တစ်ရွက်ထုတ်ပေးလိုက်တာ ကွမ်းယာသည်က ကျနော် ပေးတဲ့ ပိုက်ဆံကို ခွက်ထဲကို ဖျက်ကနဲဆို ပစ်ထည့်လိုက်ပြီး ဟိုဘက်ကလူနဲ့ စကားပြောနေတော့ ကျနော်က သူမေ့နေတယ်ထင်ပြီး “အစ်ကို ပိုက်ဆံ ပြန်အမ်းရဦးမယ်လေ” ဆိုတော့ ကွမ်းယာသည်က “လန်ဒန် တစ်လိပ်ကို တစ်ရာ၊ နှစ်ရာဖိုးသုံးလိပ်” လို့ ဆောင့်ကြီးအောင့်ကြီး ပြန်ပြောတော့ ကျနော်လဲ အသာ လေး လစ်ထွက် လာခဲ့လိုက်တယ်။ ပြီးတော့ မြေနီကုန်းက Service + ကိုသွားပြီး ကျနော့်ရဲ့ မညလေး ၀ယ်ပေး လိုက်တဲ့ ချောကလက်တွေကို ဘာညာတို့ ဆီကို သွားပေးဖြစ်တယ်။ ဟိုရောက်တော့ မဘာညာ က မရှိဘူး၊ ဘယ်သွားလဲလို့ Reception ကို မေးလိုက်တော့ “အစ်ကိုနာမည် ဘယ်သူလဲ” တဲ့ “ကျနော် ကျော်ဇေယျပါ” လို့ ပြောလိုက်တော့ “အစ်ကိုလာရင် စောင့်နေပါလို့” မှာသွားပါတယ်တဲ့။ အင်းလေ စောင့်ရတော့မှာပေါ့ ကိုယ်က “ချောကလက်ကျွေးရမယ့်သူဘဲ” ဆိုပြီး ထိုင်စောင့်နေတုန်း။ ဟိုဘက် စာသင်ခန်းက လူတစ်ယောက် ထွက်လာပြီး ကျနော့်ကို လာမေးပါတယ် “အစ်ကိုတို့ သင်တန်းတက်မလို့လား” ဆိုတော့ ကျနော်က “မဟုတ်ပါ ဘူး၊ ဘာညာ့ ကို လာစောင့်တာပါ” လို့ ဆိုတော့ သူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျနော် “ဘလာဂေါက်” ပါတဲ့ ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည် တစ်ကယ့် အရိုးဂေါက်ဂတ်နဲ့ အင်း “ဘလာဂေါက်”လို့ နာမည်ပေးမယ်ဆိုလဲ ပေးစရာပါဘဲလို့ မိမိဘာသာ စိတ်ထဲက မှတ်ချက်ချမိတယ်။ သူကတော့ သိရှာမယ် မထင်ဘူး။ ကဲ တော်တော် လဲရှည်သွားပြီ နောက်တစ်ရက်မှ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပြီး၊ လုပ်ဖြစ်ခဲ့တဲ့ ဆီမီနာ အကြောင်း ထပ်ရေးဦးမယ်…အိပ်ချင်ပြီး ၀ါး ၀ါး ၀ါး ။ အိပ်တော့မယ်….
Sharing Buttons by Linksku