Monthly Archives: October 2007

“ရောက်တတ်ရာရာ ရဲ့ ကဗျာ”

မင်းပြောတော့ မင်းအကြောင်းပေါ့
ငါကလည်း ငါ့အကြောင်းနဲ့ငါ
အမြင်မတူလို့ချန်ထားခဲ့မယ်ဆိုလဲ
ဝမ်းမနည်းဘူး…။

ပေါင်းစပ်ဖို့ ခက်ခဲတဲ့ အရာကို
အတင်းလုပ်မယူချင်ပါဘူး
အပျင်းထူတယ်လို့ဘဲဆိုချင်ဆို
မတည်ငြိမ်တဲ့ နှလုံးသားကိုတော့
တတ်နိုင်အောင်ထိန်းမယ်…။

စိမ်းကားတယ် ဆိုလဲ ခေါင်းမခါပါဘူး
အနှစ်နှစ် အလလ က
ပျော်ရွှင်စွာ ဖြတ်သန်းခံကြတဲ့
သံယောဇဉ်တွေကို
မမေ့နိုင်တာတော့ အမှန်ပါ…။

ဆိုညည်းနေမိတဲ့ သီချင်းက
“ကမ္ဘာကျော်နဲ့တွဲလည်း တို့ဂရုမစိုက်ဘူး”…။

“ရောက်တတ်ရာရာရဲ့ကဗျာ”

စိတ်ပျက်တယ်…
လောကကြီးကို
ဒါပေမယ့် ငါ လက်မမြှောက်ဘူး
ဒူးမထောက်ဘူး၊ အရှုံးမပေးဘူး…။

စိတ်ပျက်တယ်
တာဝန်မယူတတ်တဲ့လူတွေကို
ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကား
ဘယ်လိုဆိုတာ သိကြရဲ့လား
ပါးစပ်ကတော့ ဘုရား…ဘုရား
လက်ကတော့ ကားယား…ကားယား….
သူတို့နဲ့ အမြင်မတူလို့ ငါ ၀မ်းမနည်းဘူး…။

စိတ်ပျက်တယ်…
လောကပါလ နတ်မင်းကြီးတွေကို
ဘာသာ၊ သာသနာအတွက်
သူတို့ ဘယ်ရောက်နေကြသလဲ…။

စိတ်ပျက်တယ်…
လက်နက်ရှိတိုင်း အနိုင်ကျင့်နေတဲ့လူတွေကို
အားကိုးရှိတိုင်းသာ အမှန်ဆိုရင်တော့
ဓါးမတို တစ်ချောင်းရှိတဲ့လူဟာလည်း
အာဏာရှင်တစ်ယောက် ဖြစ်နိုင်တာဘဲ…။

စိတ်ပျက်တယ်…
အမှန်နဲ့အမှားခွဲခြားမသိနိုင်သေးတဲ့ လူတွေကို
ဘယ်သူမှန်တယ်
ဘယ်သူမှားတယ်ဆိုတာကို
ဘယ်စာတွေဖတ်
ဘယ်ပေတံတွေနဲ့ တိုင်းတာနေကြတာလဲ
ငြိမ်းချမ်းခြင်းတရားတွေကို ဘယ်လိုဖွေရှာကြမလဲ…။

ဒါပေမယ့်လေ…
ငါလုပ်နိုင်တာ ဘာလဲ
ငါလုပ်နေတာဘာလဲဆိုတာ
ငါကိုယ်တိုင်လဲ မသိသေးတော့
ငါကိုယ့်ငါလည်း စိတ်ပျက်တယ်…။

Sharing Buttons by Linksku