Monthly Archives: February 2009

Cheese Rolling

Photobucket

Photobucket

Photobucket

Photobucket

ကျနော့် ဘလော့ခ်ရဲ့ ခေါင်းစဉ်ကိုက ရောက်တတ်ရာရာလေးများ ဖြစ်ပါတယ်။ ကျနော်လဲ ဟိုရောက်လိုက် ဒီရောက်လိုက်ဆိုတော့ ကျနော့်ဘလော့ခ်လဲ ဟိုရောက်လိုက် ဒီရောက်လိုက်ပါပဲ :P ။ အခုခေါင်းစဉ်ကို ကြည့်ပြီးတော့ ဒိန်ခဲ လှိမ့်ခြင်းလို့ ဆုံးဖြတ်မယ် ဆိုရင်လဲ မှန်ပါတယ်ခင်ဗျာ။ ဟုတ်ပါတယ် တကယ့်ကို လိမ့်နေတဲ့ ဒိန်ခဲကို လိုက်ဖမ်းရတဲ့ ကြံကြံဖန်ဖန် ကစားနည်း တစ်မျိုးပါပဲ။ ပွဲကျင်းပတဲ့ နေရာကတော့ England နိုင်ငံ Glocestershire နယ်ထဲက Brockworth ရွာလေးမှာ ရှိတဲ့ Cooper’s Hill မှာ ကျင်းပတာ ဖြစ်ပါတယ်။ ရွာလေးရဲ့ နွေဦးပေါက် အားလပ်ရက်တွေမှာ ရိုးရာ အစဉ်အလာ အဖြစ် နှစ်စဉ်ကျင်းပလာခဲ့တာ နှစ်ပေါင်း 200 ကျော်သွားပြီ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ပိုမို လူသိများ ကျော်ကြားလာပြီး နိုင်ငံရပ်ခြားက လူတွေလဲ ၀င်ရောက် ယှဉ်ပြိုင်လာကြပြီဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပပုံကတော့ 7 ပေါင်လောက် အလေးချိန်ရှိတဲ့ ဒိန်ခဲအ၀ိုင်း ကို တောင်ကုန်းထက်ကနေ လိမ့်ချလိုက်တာနဲ့ ပြိုင်ပွဲဝင်တွေက ဒိန်ခဲကို လိုက်လံ ရယူပြီး တောင်ခြေက ပန်းတိုင်ကို အရောက်ပြေးရတာ ဖြစ်ပါတယ်။ ဟိုးယခင်တုန်းကတော့ ပြိုင်ပွဲဝင် ဦးရေ ကန့်သတ်ထားခြင်း မရှိလေတော့ အချင်းချင်း ထိခိုက်မှုတွေ ရှိတာကြောင့် အခုနောက်ပိုင်း မှာတော့ တစ်ကြိမ်ကို လူဦးရေ 15 ဦးသာ ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခဲ့ကြပါတယ်။

Ref : wikipedia

တစ်ကယ်ပါပဲ စိတ်ပျက်တယ်

ဘယ်သူမပြု မိမိမှုတဲ့ သူများကိုယ် အပြစ်တင်နေမယ့် အစား ကိုယ့်ဘာသာပဲ ဒေါသ ကို ဖြေသိမ့်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဘယ်နှယ့်ဗျာ စဉ်းစားကြည့် တစ်ခါလဲ မဟုတ်၊ နှစ်ခါလည်း မဟုတ် ကြုံတွေ့နေရတာ အခါခါ ရှိနေပြီ။ အဲဒီ့လို အခန့်မသင့်ဖြစ်တိုင်းသာ ရန်တွေချည်းပဲ လိုက်ဖြစ်နေရမယ်ဆိုရင် မြို့ထဲသွားတိုင်း ရန်ပွဲတွေနဲ့ အမြဲ နပန်းလုံးနေရမှာ အသေအချာပဲ။ ဒီနေ့လဲကြည့် ညနေပိုင်း ချိန်းထားတာ ရှိလို့ မြို့ထဲကို လာနေကျ လမ်းမှာ သိမ်ကြီးဈေးကနေ ဆူးလေကို အနော်ရထာ လမ်းမကြီးအတိုင်း လမ်းလျှောက် ချီတက်နေတုန်း ပလက်ဖောင်းပေါ်ကနေ လှမ်းပက်လိုက်တဲ့ ရေတွေ ကိုယ့်ခြေထောက်ပေါ်ကို ကျတယ် ကျနော်လဲ စိတ်တိုတိုနဲ့ ဘယ်ကောင်ပက်တာလဲလို့ ဆိုပြီး ပါတ်ဝန်းကျင် လှည့်ကြည့်လိုက်တော့ အနီးမှာ ရေသန့်ပုံးတစ်လုံးနဲ့ အများသူငါ သောက်ရန်အတွက် ချထားပေးတဲ့ အနားမှာ လူတစ်ယောက်ဗျာ အသက်ကတော့ ခပ်ကြီးကြီးပဲ ကျနော် တော်တော် တင်းသွားတယ် လူကိုလဲ မိုက်လား မသိတတ်ရကောင်းလား ဆိုပြီး ဘုကြည့် ကြည့်ပေးလိုက်တယ် အံမယ် သကောင့်သားက ကိုယ့်ကိုတောင် အရေးမလုပ်ဘူး ရေသန့်ဘူးထဲက ရေကို အေးအေးဆေးဆေးငှဲ့ပြီးတောင် သောက်လိုက်သေးတယ်။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် ဖြစ်သွားတာကို နည်းနည်းမှကို ဂရုမစိုက်တဲ့ သဘောဗျာ။ ကျနော်လဲ အရှည်အရှည် မဖြစ်ချင်တာနဲ့ သီးခံ လိုက်ပါတယ်။ ဒီလိုမျိုး ပြဿနာက ဒီတစ်ကြိမ်တည်းတင် မဟုတ်ဘူး ခင်ဗျ။ ဘတ်စ်ကားပေါ်ကနေ ကွမ်းတံတွေး ထွေးချတာတို့၊ အမှိုက်ထုပ် ပစ်ချတာတို့ ကျနော် ခံရပေါင်း မနည်းတော့ပါဘူး အကြိမ်ကြိမ်ပါပဲ။ တစ်ခါဆိုရင် ကျနော် အင်တာဗျူး သွားဖြေဖို့အတွက် စတစ်ကော်လာအဖြူနဲ့ ပုဆိုးနဲ့ဗျ သေသေသပ်သပ် ၀တ်စားထားတယ် အင်တာဗျူး ဖြေရမှာကိုးဗျ ကားပေါ်ကနေ ဘင်္ဂါလီ တစ်ကောင်ဗျာ ကွမ်းတံတွေးတွေ ထွေးချလိုက်တာ ကျနော့် ဘယ်ဘက် ပုခုံးပေါ်ကို တည့်တည့်ပဲဗျာ။ ကဲ ကြည့်စမ်းပါဦး ကျနော် ဘယ်လောက်များ ဒေါသ ဖြစ်လိုက်မလဲဆိုတာ စဉ်းစားသာ ကြည့်တော့။ လူတွေ နည်းနည်းပါးပါး စည်းကမ်း လိုက်နာကြရင် သိပ်ကောင်းမယ်ဗျာ။ စည်းကမ်းချိုးဖောက်လို့ ရှိရင်လည်း အရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေက တကယ့်ကို ထိထိ ရောက်ရောက် အရေးယူသင့်ပြီလို့ ထင်တာပဲ။

Add Lens Flares

အခုတစ်လော အသံ တစ်ခုကို ကျယ်ကျယ်လောင်လောင် ကြားနေရတာ ကြာပြီ Sharing တဲ့၊ သတင်းတွေကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စာအုပ်တွေ ဖတ်ရင်ပဲ ဖြစ်ဖြစ် Sharing ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ မြင်တွေ့ကြားသိနေရတယ်။ UN ရဲ့ seminar များမှာလည်း ဆင်းရဲ့တဲ့ လူတွေဆီ ခေတ်မီပစ္စည်းတွေပေးပို့ Sharing လုပ်ရုံနှင့် အဲဒီ့ ဆင်းရဲသားများဟာ ချက်ချင်း ပြည့်စုံသွားမှာ မဟုတ်ပါဘူးတဲ့ Technologies နှင့် Knowledge ကိုလည်း Sharing လုပ်မှသာ ရေရှည်ပြည့်စုံမှာ ဖြစ်တယ် လို့ မြင်တွေ့ကြားသိရပြန်ရော။ Donate ဆိုတာလည်း ကိုယ့်ဆီမှာ ရှိပြီးသား ပြည့်စုံပြီးသားကို Share လုပ်ခြင်း တစ်မျိုးပဲ မဟုတ်လား။ ပစ္စည်းဥစ္စာကို Share မလုပ်နိုင်ပေမယ့်လို့ ကိုယ်သိထား တတ်ထားတာလေးတွေကို ပြန်ပြီး Share လုပ်တာဟာ လည်း လှူဒါန်းခြင်းတစ်မျိုးပဲလို့ ကျနော့်အနေနဲ့မြင်မိပါတယ်။ ဒီလိုအလုပ်ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်က တစ်ကယ်ကို ခက်လှပါတယ်။ မိမိအတွက် အဓိကပေးဆပ် ရခြင်းက အချိန်ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ကိုယ်ပိုင်အချိန် တစ်ချို့တစ်ဝက်ကို ထုတ်နှုတ်ပြီး ကျနော် သိတဲ့ ပညာရပ်အချို့ကို ထုတ်နှုတ် Sharing လုပ်ခြင်းဖြစ်ပါတယ်။ သိပြီးသား ဆိုရင်လဲ Internet ပေါ်မှာ ဘယ်အချိန်မဆို ကြည့်လိုက် ကြည့်လိုက် အလွယ်တကူ ရှာဖွေလို့ ရအောင် တင်ပေးခြင်း ဖြစ်ပါတယ်လို့ပဲ သဘောထားလိုက်ကြပါ။ ကျနော် Share လုပ်ဖို့ ရည်ရွယ်ထားတာကတော့ Photoshop Tutorial များပဲ ဖြစ်ပါတယ်။ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပထမဦးဆုံး လွယ်တာလေးတွေကို စတင်လေ့လာသွားကြရအောင်ပါ။ တဖြည်းဖြည်းနဲ့ လုပ်ဖို့ ကိုင်ဖို့ ခက်တာလေးတွေကိုလည်း လေ့လာသွားကြပါမယ်။ (အဲဒါမှ ကျနော့်ဘလော့ခ်မှာ ပို့စ်များ မှာ :P )

တစ်ခါတစ်ရံမှာ ကျနော့်တို့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများမှာ စူးရှတဲ့ နေရောင်ကို အသုံးပြုလို၍ ခေတ်မီ ကင်မရာကြီးတွေနဲ့ တမင်တကာတောင် လိုက်လံ ရိုက်ကူးကြရပါတယ်။ Photoshop ရဲ့ Add Lens Flare ကို သိမယ် ဆိုရင်ဖြင့် အဲဒီ့လို နေရောင်ကို ခက်ခက်ခဲခဲ လိုက်လဲ ရိုက်ကူးနေစရာ မလိုတော့ပါဘူး။ အောက်ဖော်ပြပါပုံကို လက်တွေ့ ကြည့်လိုက်ကြရ အောင်ပါ။ ထိုပုံမှ နေရောင်ဟာ Photoshop နှင့် တမင် ဖန်တီးယူထားခြင်းဖြစ်ပါတယ်။

From blog post
ကဲ ဘယ်လို လုပ်တယ် ဆိုတာ မသိချင်သွားဘူးလား ခင်ဗျာ။ ဟုတ်ကဲ့ ဒီလိုပါ မိမိပြုပြင်လိုတဲ့ ဓါတ်ပုံကို Photoshop မှာ ဖွင့်လိုက်ပါ။ ပြီးရင် Menu bar မှာ ရှိတဲ့ Filter > Render > Lens Flare ကို သွားလိုက်ပါ။ ဒီလိုပုံစံလေးကို မြင်ရပါလိမ့်မယ်။

မိမိ အလိုရှိရာကနေ အလင်းရောင်ပေးချင်တယ် ဆိုရင်တော့ အပေါင်းလက္ခဏာလေးကို Mouse နဲ့ကိုင်ပြီး အထက်အောက် ဘေးဘယ်ညာ အလိုရှိတဲ့ နေရာမှာ ထားနိုင်ပါတယ်။ Brightness ကတော့ နေရောင်ဘယ်လောက် စူးရှမယ် ဆိုတာကို ထိန်းညှိပေးတာ ဖြစ်ပါတယ် Lens Types ကတော့ နေရောင်ပုံစံအမျိုးမျိုးပဲ ဖြစ်ပါတယ်။ ကဲ လူကြီးမင်းတို့ ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်ကြပါလား ခင်ဗျာ။

(Mark’s Totally Exciting Photo Tips ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

စစ်နှင့်ငြိမ်းချမ်းရေး( War and Peace)

Photobucket

Leo Tolstoy ရဲ့ War and Peace ကို ဆရာမြသန်းတင့် ဘာသာပြန်ထားတာ ဖတ်ချင်တာ ကြာပြီ (၁၂) အုပ် တွဲ ဆိုတော့ ဈေးမြောက်တယ်။ အခုတော့ ဆရာမောင်သိန်းလွင် ကျေးဇူးကြောင့် နှစ်ဘာသာတွဲ(Bilingual Language)အနေနဲ့ ဖတ်ရတာ (နည်းနည်းတော့ အတိုချုပ်ထားတာပေါ့) ပြီးတော့ ကျပ်နှစ်ထောင်ပဲ ပေးရတာ ဆိုတော့ ဘာပဲ ဖြစ်ဖြစ် တန်တယ်။ အလိုရှိသူများ ကျနော့်ဆီမှာ လာမငှားပါနဲ့ ဆူးလေဘုရားလမ်းက အင်းဝ စာအုပ်တိုက်မှာ မေးမြန်း ၀ယ်ယူနိုင်ကြပါပြီ။

တည်ငြိမ်

ရင်ထဲက အပူငြိမ်းရာ
ငြိမ်းချမ်းရာကို ရှာရင်း
ဆူးလေလမ်းမပေါ်
Petaling Street ပေါ်
Peninsula Plaza ပေါ်
ငါဟာ တစ်ကိုယ်တည်း
ယောင်ချာချာ ဖြတ်ကျော်ခဲ့ဘူးတယ်။

First Eleven ဂျာနယ်
Olympic ဂျာနယ်နဲ့
ESPN, Star Sport တို့မှာ
မန်ယူ ၀မ်းဇီး၊ Liverpool ဇီးဇီး လို့
ရင်ခုန်စွာ အော်ဟစ်ခဲ့ကြဘူးတယ်။

ငါတို့ရဲ့ ၀က်မြီးနဲ့
ရွှေမန်းရုံအောက်မှာ
အပြာရောင်ညနေခင်းတစ်ချို့ကို
ရီဝေစေတတ်တဲ့ အရည်တွေရောလို့
သမ္မတ လက်မှတ်လိုချင်လား
နေပြည်တော် လက်မှတ်လိုချင်လားလို့
ပျော်ရွှင်စွာ နောက်ပြောင်ခဲ့ဘူးတယ်။

ညီအစ်ကို မသိတစ်သိ အချိန်တွေမှာ
အိမ်ကို ပြန်မရောက်ပဲ
လမ်းတွေမှာ အရည်ပျော်လို့
နံနက်ခင်း ခေါင်းကိုက်ရက်တွေကို
Paracetamol၊ Biogesic
ဘလက်ကော်ဖီတို့နဲ့ ရင်တုန်စွာ
ကျော်ဖြတ်ခဲ့တော့
အစာအိမ်နာကို လက်သင့်ခံမွေးမြူရင်း
ရီဝေေ၀ ရစ်မူးစေတတ်တဲ့ အရာကို
ဝေရာမဏိ လုပ်ခဲ့ရတယ်။

ငါရဲ့ မနက်ခင်း လက်ဘက်ရည် ချိုချို အတွက်
ဘ၀လောကဓံ ကို ရင်ဆိုင်ဖို့
မွေးမြေရဲ့ အဝေးမှာ
အတွေးတွေ တသီတစ်တန်းနဲ့
Blogger.com ရယ်
ငါ့ရဲ့ Laptop ရယ်ကို အတူစွဲလို့
ထွက်ခွာသွားတော့မယ်….။


Sharing Buttons by Linksku